“မိုးရာသီလမ်းမှာ တစ်ခန်းလုံးပက်ကြားအက်တဲ့ ရင်”
မနက်ခင်းပျိုရဲ့
စိမ်းနုရောင်မျက်နှာပြင်ပေါ်
ရွှေအိုရောင်အလင်းတွေ သင်းဝေဖြာကျ
ရွက်နုတွေခါချတဲ့
စည်းချက်ကျမိုးစက်မှာ
မိုးငှက်က တေးသလို့…
အို…မနက်ခင်းပျိုရေ…
စိမ်းနုရောင်ရွက်သစ်နဲ့
မိုးစက်တွေ
ဟောဒီကောင် ရင်ပေါ် ခါချပေးပါ
ငါ့ရင် ဘယ်ဘက်ရပ်ဝန်းမှာ
မိုးခေါင်ရေရှား
ရာသီတွေ
ပက်ကြားအက်ကုန်လို့…
… … … …
ကဝေပျိုရေ…
ဘယ်အငြိုးနဲ့များ ငါ့ကို
ပြာကျစေခဲ့တာလဲ
ရွက်ကြွေလို မြေခရုံနဲ့မကျေ
နေငှက်ရဲ့
အတောင်ခတ်ရာမှာ
မီးတောက်တွေတောင် ရဲခနဲ
ပက်ကျဲခဲ့သေးတယ်
ဟုန်းခနဲ
လောင်ကျွမ်းသွားတဲ့ ငါ့ဘ၀က
အညတရပန်းချီဆရာရဲ့
ခပ်ညံ့ညံ့
စုတ်ချက်လောင်တောင် မလှပတော့…
… … … …
ကဝေပျိုရေ…
နင်စေခဲ့တဲ့ နေရာမှာ
ငါနေလို့
နင်ခြေခဲ့တဲ့ ဝေဒနာနဲ့
ငါ့ရင်ထဲ
အပူတွေအုံကြွနေဆဲ… …
ဟိုး……အပြင်မှာတော့
မိုးငွေ့တွေ မြိုင်ထလို့
သက်တံ့တွေ ခုန်ကနေလေရဲ့…
…။
♥ မိုးဇက်ဒီမွန်း ♥
I love.. love the every single poem of yours <3 <3 :D
ReplyDelete