Saturday, May 26, 2012

စိုနေရင်းနဲ့ မိုးမိသူ


“စိုနေရင်းနဲ့ မိုးမိသူ”

ရင်ဘတ်ကြီးနဲ့ မဆံ့တဲ့ အလွမ်းတွေ
ကဗျာမြေထဲ ထုပ်သိမ်းနေခဲ့တာ ငါပေါ့....
.... .... .... .... .... ....
နွေဆို   ငါငိုတယ်
ဖုန်ငွေ့ရိုင်းတွေကို
ဆီးကာပိတ်ထားတဲ့
ပြတင်းတံခါးအိုကြီးရဲ့ ရင်ခွင်မှာ...
မိုးဆို   ငါငိုတယ်
မိုးစက်ရိုင်းတွေကို
ကာမိုးပေးထားတဲ့
သွပ်အိုကြီးရဲ့ ရင်ခွင်မှာ...
ဆောင်းဆို   ငါငိုတယ်
နှင်းပွင့်ရိုင်းတွေကို
ဖြန့်ကာပေးထားတဲ့
ယိုင်အိုကြီးရဲ့ ရင်ခွင်မှာ...
.... .... .... ငါငိုတယ်...လွမ်းလို့...နွမ်းလို့....
.... .... .... .... .... ....
အို...
ဟိုး..........ရှေ့မှာ
ငွေသံ ကြေးသံ တညံညံနဲ့
Money make everything တဲ့
အသင်တို့...ငါ့ကို
ဖြောင့်တန်းတဲ့လမ်းနဲ့ အချစ်စစ်တစ်ခုလောက်
ဝယ်ပေးကြပါ....
.... .... .... ငါ့ကို ၀ယ်လိုက်ကြတယ်...
.... .... .... ငါငိုတယ်.... .... ....
နွေထက်ပူတယ်...မိုးထက်စိုတယ်...
ဆောင်းထက်အေးတဲ့ ဂုဏ်ဓနရဲ့ဓါးသွားချွန်က
ငါ့ဘ၀ကို ငါ့ညကို တမြေ့မြေ့စားလို့...
.... .... .... .... .... ....
ရင်ဘတ်ကြီးနဲ့ မဆံ့တဲ့ အနွမ်းတွေ
ကဗျာမြေထဲ ထုပ်သိမ်းရင်း
ငါ....ငိုနေတုန်းပဲ.....။          
                             ♥ မိုးဇက်ဒီမွန်း ♥


မိုးငှက်ငယ်


 မိုးငှက်ငယ်
ဟိုး....အမြင့်က ကောင်းကင်ထက်ဆီ
နင် ပျံသန်းနေတယ်...
အတောင်တွေ ရွက်ကုန်ဖွင့်လို့
အနီရင့်ရင့် စိတ်နဲ့ ပျံသန်းနေတယ်....
ကြယ်ခူးမယ့် အိပ်မက်ရယ်
စိမ်းခက်ခက်နှလုံးသားနဲ့
နင် ကိုယ်တိုင်ဖျော်စပ်ခဲ့တဲ့
အထီးကျန်အငွေ့အသက်ရယ်
နင့် အိတ်ကပ်ထဲမှာ ပါနေတယ်....
ဘယ်ညာကို ခ၀ါချ
ရှေ့တူရှုသာ ပဓါနထားခဲ့တဲ့ နင်
ဘေးဘက်က တွဲလက်တွေဖြုတ်လို့
တစ်ကိုယ်တည်း အဖော်မဲ့ခဲ့တယ်နော်...
ပျံသန်းပါ ငှက်ငယ်ရေ
စက်ဝိုင်းပြတ်လေးလို ခုံးခုံးလေးနဲ့
သက်တံ့တွေစီရီထားတဲ့ မိုးကုပ်စက်ဝိုင်းထိ
ပျံသန်းပါ....
အတောင်ညောင်းလို့ အားကုန်တဲ့အခါ
နင်ပြန်ခဲ့ပါ...
ဒီကမ္ဘာမြေ ကုန်းမို့မို့မှာ
ငါ့သစ်ပင်လေးရှိတယ်...
နင် ကွန်းခိုဖို့ အကိုင်းအလက်တွေဆန့်တန်းလို့
ငါ့ရင်ကြီးဖွင့်ထားတယ်
အဲဒီမှာ...အသိုက်တည်လှည့်ပါ ငှက်ငယ်
တစ်သက်လုံးအတွက်ပေါ့..... ။        ။
                                           ♥ မိုးဇက်ဒီမွန်း ♥

Saturday, May 19, 2012

စတုတ္ထအကြိမ်မြောက် အ.လ.က(၁)မြိတ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ မှတ်တမ်းဓါတ်ပုံ


စတုတ္ထအကြိမ်မြောက် အ.လ.က(၁)မြိတ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ မှတ်တမ်းဓါတ်ပုံလေးတွေပါ။ ပုံတွေကများတာရယ်၊ connection အခြေအနေရယ် :) ကြောင့် 
Facebook Link ကိုပဲ ချိတ်ပြီးတင်လိုက်ပါတယ်ဗျား။ ကြည့်ရှုပြီး မုဒိတာ ပွားကြပါလို့....





Saturday, May 12, 2012

ငါ့နေရာ


“ငါ့နေရာ”
တေးဆို - ဇေရဲ ၊ ရဲရင့်အောင်

Thursday, May 10, 2012

လွမ်းရင်းသေတဲ့ “နွေ”


လွမ်းရင်းသေတဲ့ “နွေ”

ဝသန္တရဲ့ မွေးဖွားခြင်းမှာ
ဖလက်ရှ်မီးတွေပြက်လို့
မိုးစက်တို့ ကြွေကာကျတယ်
အဖြူရောင်ထီးနဲ့ သာယာဖူးတဲ့
မိုးနေ့တွေ…ငါလည်း သတိရတယ်
နင်လည်း အမှတ်ရလိမ့်မယ်…
ချစ်သူရေ
လက်တွဲကာ လျှောက်ခဲ့ဖူးတဲ့
ရွက်ကြွေတွေ တဝေေ၀နဲ့
ငါတို့ရဲ့ နွေဦးညနေ
ဘ၀မိတ်ဆုံစားပွဲမှာ
အလွမ်းတွေသာ ချကျွေးခဲ့တဲ့နွေ
ငါတို့အန်ထွေးတဲ့ အနွမ်းတွေ
တနင့်တပိုးထမ်းလို့
အလွမ်းဆင့် တိုးသွားတဲ့နွေ
မုတ်သုံရဲ့ ထစ်ချုန်းမှုအောက်မှာ
ပျက်သုဉ်းသွားတော့မယ်…
ဟိုမှာ…မိုးစက်တို့ခြွေလာပြီ
နှုတ်ဆက်တေးတစ်ပုဒ်
လျှပ်စီးနဲ့ဖွဲ့သီလို့
ကဲ…ပို့လိုက်ကြရအောင်
လွမ်းရင်းသေမယ့် နွေခင်းရဲ့ဈာပနကို…။     

♥ မိုးဇက်ဒီမွန်း ♥

Friday, May 4, 2012

စွယ်တော်ရွက်သီချင်း

စွယ်တော်ရွက်သီချင်း


 
ကြယ်တွေအရောင်စုံတဲ့ညက
ချစ်သူပါးပြင်မှာ လမင်းလေးသာခဲ့တယ်
ရှရှလေးဖွဲ့သီတဲ့ မျက်ဝန်းဂီတမှာ
ဘယ်ဘက်ရင်အုံနားက စည်းချက်နဲ့ကတယ်
နှုတ်ခမ်းပါးလေး တွန့်အကွေးမှာ
ယိမ်းနွဲ့ပါးဓါးနဲ့ ပိုင်းသလို
အသဲနဲ့နှလုံး ဘိုင်းကနဲကြွေလဲတယ်
ကျောတစ်ခင်းစာ မဟူရာမြစ်တစ်စင်းမှာ
အငြိငြိ အယှက်ယှက်နဲ့
ဇီဝိန်ကြွေ ဘယ်နှစ်ခါ သေရဦးမလဲဟင်….
တော်ရုံသာ ပြုစားပါ အမိရယ်
တစ်ဘ၀လုံးစာ ငါ့ကမ္ဘာမှာ
မင်းဟာ ထိပ်ထားပါကွာ
ယုံကြည်မှုနဲ့ဆောက်တဲ့အိမ်မှာ နေပါ
စွန်ကြိုးလိုစေပါ
နူးညံ့တဲ့အမိန့်တော်အတိုင်း
ကြိုးဆွဲရာနေမယ့် ငါဟာ မင်းရဲ့လေတံခွန်ပါ…
ရာသီတွေရိုင်းလာရင်
မင်းရဲ့…ရင်ခွင်တံတိုင်းနဲ့ကာမိုးပါ
လေပြေတွေကြမ်းလာရင် ပရမ်းပတာမဖြစ်အောင်
စွန်ကြိုးလေးလျှော့တင်းပါ
ကွာဝေးမှုတွေ စုတ်ပြဲကုန်ချိန်ထိ
မလွှတ်တမ်းကိုင်ဆုပ်လို့
ပေါင်းစည်းခြင်းကမ္ဘာမှာ
ပေါင်းစည်းခြင်းကဗျာတွေ
အတူတူသီးပွင့်ကြရအောင်ဟာ…..။        ။

♥ မိုးဇက်ဒီမွန်း ♥