မင်းခိုက်စိုးစန် ကဗျာပေါင်းချုပ်


Min Khike Soe San
Poems Collection…..
By - Aung Aung Min Maung



စုန်ရေ ၂၁ (မင်းခိုက်စိုးစန်)
(၁)
ရာဇဝင်တီးလုံးတွေဟာ
အဇာတသတ်ကို နင်းကြိတ်ခဲ့ ….
တရားခံရှေ့နေမပါတဲ့ ခုံရုံးမှာ
ခင်ဗျားတို့ မျက်လုံးတွေက တရားစွဲ
သားသမီးတွေရဲ့ အသည်းကို
သံသယအိတ်ထဲစွပ်
အတက်ချွန်တွေနဲ့ခွပ်ခဲ့ပေါ့ …။
(၂)
ငြင်းလိုက်မယ်ဗျာ
သံခြေကျဉ်းသံဝဲနေတဲ့
ယပ်လှဲတရားတွေအတွက်
ဆံပင်ဖြူပေါက်နေတဲ့
လက်ညှိုးငေါက်တောက်တွေအတွက်
ပြီးတော့
တုပ်ကွေးမိ အားပြတ်နေတဲ့
အနာဂါတ် သန္ဓေသားအတွက် …
(၃)
ပြောပါ
အဇာတသတ်နောက်မှာ
ဘယ်သူပါသေးလဲ
လေးမနှုတ်လောက် ခြောက်လာ
ရွတ်နေစရာမလို
လက်နဲ့ခြေပေါင်း
အချောင်းနှစ်ဆယ်အပြင် မပိုဘူး။
(၄)
ချိန်ခွင်ပေါ်ထားပြီး
ချိန်ရဲသလား ပြောပါ။
ပစ္စက္ခဟာ ပေတံတစ်ချောင်းပေါ့
သင်ကောင်းကောင်း တိုင်းတာနိုင်တယ်
မိုင်တိုင် ၂၁
တိုးတက်ခေတ်တစ်ခုရဲ့
ဆေးဝါးတွေကြား
မရေမတွက်နိုင်တဲ့ သား များစွာ
မိဘတို့ရဲ့ သတ်ခြင်း ခံနေရရှာရဲ့ ..။ ။
                                                    မင်းခိုက်စိုးစန်
စိုမှာစိုးလို့မိုးမိတယ်
---------------
မင်းမျက်ဝန်းကမ်းပါးက
ကိုယ့်သင်္ဘောကို ကပ်ဖို့ငင်။
ကလေးရေ ..
ရှုံးမယ်မှန်းသိရက်နဲ့
ခွင်းနေခဲ့ ကိုယ့်မြှားတွေ
ကိုယ့်ရင်ကိုသာ ထုတ်ချင်းခတ်ထိ။
တစ်ဘ၀စာ စိုက်ပျိုးခဲ့ မျက်ရည်သစ်ပင်
အစမ်းလေ့ကျင့်နေရ။
မီးပေးလိုက်ဆိုတာနဲ့
ကိုယ့်ကို ငင်နေတဲ့ မင်းမျက်ဝန်းဟာ
ဇာတ်တိုက်ထားတဲ့ မြစ်ဖြစ်သွား
ကိုယ်မခံစားနိုင်ခဲ့။
ကလေးရေ ..
ကိုယ်က မြစ်ဆိုပြီး ကူးတဲ့ခါ
တံလျှပ်တွေ
ကိုယ်က မြေဆိုပြီး ပြေးတဲ့ခါ
တိမ်တိုက်တွေ
ပန်းတိုင်မဲ့ လိုက်နေရပြီး
အရှုံးသရဖူးပဲ ထပ်ထပ်ရ။
အရှုံးပါပဲ
သဘာဝကျတဲ့အခါ
သိမ်းထားချင်လောက်အောင် လှပတယ်။
ကိုယ်ဆိပ်ကမ်းမှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေပဲ
တင်ကျန်နေတော့
မုန်တိုင်းရေ ထန်လိုက်ပါတော့။
မနက်ဖြန်ဆို
မနက်ဖြန်ဆို ..
ပင်လယ်ရေ နေလုံးရွဲရွဲကြီးကို ရပ်ပစ်လိုက်စမ်း
ဝေးရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့။
တစ်သက်စာရှင်သန်ဖို့
မင်းအညှို့တွေကို လုံလုံခြုံခြုံ သိမ်းမယ်။
ကလေး ..
ဟန်ဆောင်တာ မပါဘဲ
ကိုယ့်ကို မုန်းတယ်ဆိုတဲ့ acting လုပ်ပါ
ဒါမှ ကိုယ်ခွဲလို့ရမှာ
ခွဲနိုင်မှာ။
မင်းနှုတ်ဆက်တဲ့ နေရာမှာ
ကိုယ်မရှိချင်ဘူး။
ဟိုးမှာ ပင်လယ်
ဒီမှာ မြေပြင်
အထက်မှာ ကောင်းကင်
မင်းစိုတော့မှာလား
ကိုယ့်ရင်ခွင်က တက်သွားတဲ့ အခိုးအငွေ့လေးတွေနဲ့
ရွာတော့မယ့်မိုး
မင်းစိမ်းမြစိုပြေဖို့
မင်းမိုးမိလိုက်ပါ။
ကိုယ့်အတွက် အချစ်ဆိုတာ
တစ်သံသရာလုံး လုံခြုံချမ်းမြေ့ဖို့
အကြည့်တွေပဲ လိုအပ်ပါတယ်။
မင်းမျက်ဝန်းမှာ ရွှန်းမြမြလေးပြုံးပါ
ကိုယ့်မျက်ဝန်းက စိုစွတ်နေမှာ
ကိုယ့်မျက်ဝန်းက စို စွတ် နေ မှာ
ကိုယ့်  မျက်  ၀န်း  က  စို  စွတ်  နေ  မှာ။    ။
                                                 (မင်းခိုက်စိုးစံ)

ရောဂါ
------------------------
(၁)
ရှင်ကွဲ ကွဲခဲ့ပုံကတော့
သူလိုငါလိုပါပဲ …။
(၂)
ကြယ်တွေကလဲ တိတ်တိတ်ကလေးပဲ လင်းတယ်။
(၃)
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား …၊
အချို သိပ်ကြိုက်တဲ့ သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်။
(၄)
အဲ့ဒီအခါ … မငိုပါနဲ့၊
မျက်ရည်ဆိုတာဟာလည်း ပုံတိုပတ်စ တစ်ခုပဲလေ …
(၅)
ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ …
ပိုးလောက်လန်းတွေကို စစ်နေရမှာနဲ့စာရင်
အချစ်ကို သွန်ပစ်လိုက်ရတာက ကောင်းတယ်။
                                                       (မင်းခိုက်စိုးစန်)

ကောင်မလေးရဲ့မိုးလေ၀သ
---------------------------
ငါ့မှာ….
သုံးရာသီကိုတစ်ရက်စွန်းတဲ့အထိ
မင်းရဲ့မိုးတိမ်တွေနဲ့ပဲသာယာနေမိတယ်…
ကောင်မလေးရေ
မင်းဘယ်တော့ရွာချလိုက်မှာလ…ဲ !!!
မြေကြီးထဲက သံယောဇဉ်အမြစ်တွေ
အိမ်မက်နဲ့ပဲစိုစွတ်နေရပေါ့…။ ။
                                     (မင်းခိုက်စိုးစန်)
ကက်တလောက်
----------------
စိုထိုင်း၊မှောင်ပုပ်ပုပ်
ပင့်ကူအိမ်ရှုပ်ပွ
ရှုံ့တွပုံပျက် အခန်းပုကွကွထဲ
သူမ တွားသွား။
အဆုပ်နာ ရောဂါရှိတယ်
ကျင်ငယ်နံ့တွေကို စုပ်ယူထားတဲ့
အ၀တ်စတစ်ခုရှိတယ်
မီးသွေးမှုန်စနဲ့ ပိုးဟပ်ချေးတွေရှိတယ်
သလိပ်လုံးထွေး ခြောက်ကပ်
ဆံပင်ရှည်ရှည် အချပ်လိုက်ရှိတယ်
မြွေတစ်ကောင်လို
အစွန်းသိပ်မရောက်တဲ့ ကြောက်လန့်မှုနဲ့
အလင်းရောင်ရှိရာကို
သူမ တိုးထွက်လာခဲ့…..။
ကြွက်သေကောင်တစ်ကောင်ရဲ့ အပုပ်နံ့
စူးစူးရွားရွား ချွေးလှောင်နံ့
လင်းနို့တွေရဲ့ အောက်သိုးသိုးအနံ့
ရှည်မျောမျော လေးထောင့်အခန်းဝရဲ့
ဒီဘက်ဘောင်ကနေ
ဟိုဘက်ဘောင်အထိ
လျှောက်သွားနေကြတဲ့ လူတွေကို
သူမ မြင်ရတယ်လို့ဆိုပါတယ်။
                                      မင်းခိုက်စိုးစန်
သူငယ်တန်း
(၁)
“အချစ်” ဆိုတဲ့ စကားလုံးကို
ရေးတတ် ဖတ်တတ်တယ်ဆိုရုံလေး
မင်းက သင်ကြားပေးလိုက်တယ်
(၂)
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?
(၃)
လွမ်းနေရတာကိုက
အမှားကို နှစ်ကိုယ်ခွဲနေရသလိုပဲ၊
(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ …။
                                                 မင်းခိုက်စိုးစန်
ငါဖန်ဆင်းချင်တဲ့ ကမ္ဘာဦးကျမ်း
------------------------------
ကမ္ဘာကြီးတစ်ခုလုံးဟာ
မွှေးစုတ်ဖွား ခွေးလေးတစ်ကောင်ပါပဲ ..။
ကြည့်လေ …
ချစ်သူရဲ့ ခြေဖမိုးပေါ်
ခေါင်းတင်ပြီး အိပ်စက်နေလိုက်တာ …
                                             မင်းခိုက်စိုးစန်
ဘီလူးမရဲ့ဆောင်း
-------------------
ပန်းကြွေရင် မြေပေါ်ကျပေမယ့်
ကြယ်ကြွေတဲ့အခါ
ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ …။
ငါကတော့
ဘီလူးမရဲ့ ရင်ခွင်မှာမှ
ဆောင်းခိုခဲ့မိသူပါ …။
မနေ့ကတင် အကောင်းကြီးရှိသေးတယ်
ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ?
ဘီလူးမရေ …
အိမ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့
မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။
ငါ့ကို (လက်သည်းဆိုးဆေးလို)
ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊
ငါ့အိပ်မက်တွေက
မင်းကို ကျိန်ဆဲကြလိမ့်မယ်။
                                 မင်းခိုက်စိုးစန်
ရာသီဥတုဆိုး
----------------
(၁)
စိတ်တွေကို နေဝင်မီးငြိမ်း
မင်းရဲ့ ရယ်သံတွေကို
နေ့ဖို့ ညစာ သိမ်းဆည်းလို့
… ငါ ပြန်ခဲ့တယ်။
(၂)
ဘဝမှာ
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေ များလွန်းတယ်။
… ကောင်မလေးရေ “မင်္ဂလာပါ”
မင်းကို ငါ
လူမှားခဲ့ပါသလား။
(၃)
တစ်ချို့လူတွေက…
ပန်းပွင့်တွေကို ခူးခူးပြီး
နောက်ဘဝအတွက် ဆုတောင်းတယ်။
ငါကတော့…
ပစ္စုပ္ပန်မှာ
သူတို့ခူးဘို့ ပန်းတွေကို စိုက်တယ်။
ငါ့ရဲ့ ချစ်လှစွာသော အမိုက်အမဲ မလေးရေ…
မင်းကတော့ နားလည်လိမ့်မယ် မဟုတ်ပေဘူး။
(၄)
ငါဟာ ဧည့်သည်ပါ။
အိမ်ရှင်ရဲ့ ကျေးဇူးကို အောက်မေ့တတ်တဲ့ ဧည့်သည်ပါ။

အမြှုပ်တွေ ထ…ထပြရတာကို
မသာယာခဲ့ပါဘူး။
ဘဝဆိုတာ ဘီယာတစ်ခွက်မှ မဟုတ်ဘဲကွယ်။
(၅)
ငါ စိုက်ခဲ့တဲ့ ပန်းပွင့်က
ရနံ့တစ်ခု လွှင့်လာတယ်…
အဲဒီ ရနံ့ရဲ့ နာမည်က “အလွမ်း” တဲ့။
ဘယ်လို နွေရာသီဆိုးက မန်းမှုတ်လို့
ငါ့  ဥယျာဉ်ဟာ အပုပ်သိုး မြန်ခဲ့ရသလ?ဲ
(၆)
ကောင်မလေးရေ …
မင်းကို ငါက
မိုးခေါ်သံလို သဘောထားခဲ့တာပါ…။
                                             မင်းခိုက်စိုးစန်

ချာတိတ်လေးတစ်ယောက်အကြောင်း
---------------------------------------
(၁)
ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့၊
နစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။
(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် … အိမ်ကို ဘယ်လို ပြန်ရမှာလဲ ?
(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
… ကျွန်တော်ပေါ့။
အခုတော့ …
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်ချင်တော့တယ်
(၄)
အလွမ်းကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။
(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊
မမြင်ဖူးတဲ့ လူ အတွက်တော့
“မူး” ကိုလည်း “မြစ်” လို့ ထင်ခွင့်ရှိတယ် မဟုတ်လား။
                                                                (မင်းခိုက်စိုးစန်)
ဟက်လို စက်တင်ဘာ
-----------------------
“မျှော်လင့်ချက်ပျောက်တယ်” ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကိုယ်တိုင်လည်း နာကျင်တယ် …
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် …။
လူသားရာဇဝင်ကိုမှ မာတိကာရေးချင်သူတို့ရေ …
… ထောင်းလမောင်းထအောင် ကြေကွဲကြ၊
… ဘာမှန်းမသိတာတေကွို သီချင်းလုပ်ဆိုကြ၊
(ခု နောက်ပိုင်းတော့) မျက်ရည် လက်တစ်ခုပ်စာနဲ့
… ကမ္ဘာကြီးကိုဆေးကြောဖို့ ကြိုးစားကြပေရော့။
ဘယ်သူက ထင်ရက်မှာတဲ့လဲ !!!
ငါတို့ကို ပြုစားသွားခဲ့ရက်တဲ့ … “ရွာသူ” ရယ် …
တို့အိပ်မက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့
(ကိုယ့်ဖာသာကိုယ်) မက်ခွင့်ရှိတယ်လို့ အောက်မေ့ခဲ့တာပါ …။
သိပ်ကို သေချာသွားပြီ …၊ ငါတို့ရဲ့ ဘဝဟာ
ကောက်ရိုးနဲ့ လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
… မီးရှို့ခဲ့တယ်ဆိုတာပေါ့ …။
                                                မင်းခိုက်စိုးစန်
ဖယောင်းတိုင်များ
----------------------
တစ်စုံတစ်ရာက ဖန်ဆင်းတဲ့အမှောင်ထဲမှာ…
နှင်းဆီပန်းတစ်ခင်းစာ အာရုံခံစားမှုတွေကို
တန်ဘိုးအဖြစ်ပေးချေလို့
ထောင်ချောက်တွေရဲ့ပါးစပ်ကို
ဇက်ကြိုးတပ် ပါးချပ်ဆင်
ငါတို့..စီးနှင်လိုက်ကြမယ်..
တစ်ခြားသူတွေရဲ့အမြင်မှာ..
အသက်ငင်နေတယ်လို့ ထင်ချင်လည်းထင်ရော့
ငါတို့ရဲ့အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး
ဘုရားသခင်ကို ဖဲယှဉ်ရိုက်ဖို့ ငါတို့စိန်ခေါ်ပစ်လိုက်တယ်
မိုက်ရဲလိုက်ပုံများ….နှလုံးသားကောင်ရေတစ်သန်းအားနဲ့ပဲ
တဖုန်းဖုန်း…လဲကျ..လဲကျ
ကိုယ့်ဘဝကိုယ် ပြန်ခွထိုင်ပြီး
စက်ဘီးစီးသင်နေလိုက်ကြတာ…
ကံကြမ္မာကို အလျော့ပေးတတ်ဘို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ကောင်တွေလေ…
အဲဒီကောင်တွေက၊ အမှောင်ကိုစီးချင်ထိုးဘို့တဲ့
ကိုယ့်ကိုကိုယ်မီးရှို့ပစ်
ပြီးတော့…အဲဒီသွေးသားဖြစ် အလင်းရောင်ကို
လက်နက်လိုကိုင်ဆောင်လို့
ရာဇသံ တစ်စောင်ပို့လိုက်တယ်
ဟေ့ -အမှောင် !!!!!!!
မင်းအတွက်ကြိုးမိန့်ကို ငါတို့ယူဆောင်လာခဲ့ပြီ…။
                                                           မင်းခိုက်စိုးစန်
ငါး
(၁)
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
(၂)
ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ…
ဒါပေမယ့်…
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
(၃)
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်…
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
(၄)
တစ်ဘဝစာ…
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ…
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပ…ဲ
… လွမ်းတယ်။
                             (မင်းခိုက်စိုးစန်)
ဂျစ်ပစီ
-----------
ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ … ခြောက်ကပ်ကပ်
ငါ … ရေငတ်လာတယ်။
တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ
… အိပ်စက်ပါရစေ။
ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမှ
တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ
…တံခါးဖွင့်သံ
…ခြေသံ
လာ ..မြန်မြန်သာ ဝင်ခဲ့ပါတော့။
လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။
ကောင်မလေးရယ်
ငါဟာ .. “တေလေ” ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမသေးသေးလေးရေ
..လွမ်းတယ် ..
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။
                                      (မင်းခိုက်စိုးစန်)
ယမ်းဘီလူး
(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ…
အဲဒီ ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်…
(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ !!!
(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့…။
ဂန္တဝင်မြောက်ပါသကွဲ့
…သံတိုမယ်န နည်းနည်း
…ရေခဲတုံး နည်းနည်း
…ပြီးတော့  ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ…
စိတ်ညစ်နေလား ကလေးရေ…
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ…
ပန်းချီကားဘက်ကတောင် “နာ”တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အဝကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ…။
ဂန္တဝင်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံμμμ
ဝဋ်တစ်ခုပါပဲ ကလေးရေ…
အဲဒီç ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်…
(၄)
‘သူမ’ နဲ့ ‘သူနဲ့’
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်…ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား…
ကလေးရေ…
ဒါ…မရိုးသားမှုပါကွဲ့
အဲဒါကို… ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
‘အထူးတန်းမှာထိုင်သူ’ လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့ !!!
ကလေးရေ…
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း…အဲဒီ ဝဲ က
လွတ်မှ လွတ်ပါ့မလားကွယ်…။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!
(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ…ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
…ကုသဗေဒ များသလောက်
…ရောဂါပိုးမွှား များပုံတေ)ွ
ငါ…၊ ငါ့ မဟာမိတ်…၊ ငါ့ ရန်သူ…
အားလုံး… နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တေ…ွ ကိုယ့်ကိုကယို မှတ်မိကြပြီလေ
(ငှက်တွေ…နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ… များ
ပြီးတော့ … သိသွားမှာပ။
သိအောင် ဘဝကို စာမေးပွဲစစ်ကြ။
ပြီးတော့…
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ
စိတ်ညစ်နေမလား… ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!
(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့…
…မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
… မောင်းနှင်ပစ်လိုက်တာ … … …။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တေ…ွ
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ…
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ…
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
… တိုဝင်သွား!
အင်းပေါ့လေ…
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလ?ဲ ???
… သတ္တိရှိရှိ ကြောက်လန့်နေ…
ဝဋ်တစ်ခုပါပဲ ကလေးရေ…
အဲဒီç ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်…
အား!!!
ကွယ်လွန်သူတို့ရေ…
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရ…ဲ့
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ…
ဟောဒီ ငတိတွေမှာသာ
အဝါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း…
ခက်တယ်… ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!
(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
… … …
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ…
” ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလဲ!!! ”
ဒါနဲ့ပ…ဲ
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ…
ငါ…
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော…
(၈)
ကလေးရေ…
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ… ဝင်ထိုင်ကြမယ်
ပြီးတော့… မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့… နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ…
ပြီးတော့… လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ… ငါပါ… ငါပါကွဲ့…
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့…။
ဟေ့ … လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်…မြိ…ပစ်…လိုက်…ကြ…ရ…အောင်!!!
(၉)
စကြာဝဠာကြီးထဲမှာ…
“လူ” လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ…
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
… …
ကလေးရေ…
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ “ဒိုင်းနမိုက်” ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။ (မင်းခိုက်စိုးစန်)
 
ဦးထုပ်ထဲကနွေ
----------------------------
လူမမာတစ်ယောက်လိုပါပဲ
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား
ပြဒါးတေ.ွ ....
ပေါက်ထွက်လျှံကျလာတော့မတတ်
ကောင်းကင်ကြီးစုတ်ပြတ်သွားအောင် ပူတဲ့ "နွေ"
အပြင်မှာ
ဖုန်မှုန့်ဝါညစ်ညစ်၊ ပိုးလောက်လမ်း ထူလပျစ်ထ
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ်၊ ဖုတ်ကပ်ပေလူး
စိတ်ကူးတွေ ဖြူဖပ်ဖြူရော်ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်
အ... သက်... ရှု... ရ... ကျပ်... တယ်...
ငါရယ်....
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ်...
အင်း! ထိုင်နေဖို့ပဲကောင်းတဲ့.... "နွေ"
နွေဟာ....
ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးနှစ်မြို့ကို
"ရုတ်တရက်" သုံးလက်မလောက် ပုဝင်သွားစေခဲ့
ပြီးတော့မှ... အပူဆန့်ကိန်းနိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ....
နွေဟာ....
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေအပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေးဝင်လာခဲ့
ဟေ့..... ငါလှည့်ပြီး ဖမ်းလိုက်ရမလား..
ကောင်မလေးရေ
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ဘာများလုပ်ပေးရင် ကောင်းမလဲ?
တောက်! နည်းနည်းတော့ နောက်ကျသွား...
တကယ်ဆို အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ.....
                                                 (မင်းခိုက်စိုးစန်)
ဘူတာရုံနဲ့တူတဲ့ကောင်မလေး
-------------------------------
ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့  သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။
အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။
ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။
ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။
                                                            (မင်းခိုက်စိုးစန်)
ကြေးစား
----------------------------------------
(၁)
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက
ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ....
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။
(၂)
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာတွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်.....။
(၃)
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ.....
တစ်ချို့လူတွေက ရှေ့ကဆက်လျှောက်ကြ...။
အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်... လှေခါး နှစ်စင်းစီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်.....။
(၄)
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ.....။
(၅)
ကလေးဘ၀....
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။
(၆)
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ....“ချိန်းဆိုချက်”တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် .....
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဖို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဖို့ပါပဲ.....။
(၇)
လူတွေ.. လူတွေ.....လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုးမအေ ဆန်လို့။
“ဘာဖြစ်တာလ.ဲ ..? ဘာဖြစ်တာလ.ဲ . ?
အဲဒါ ဘာဖြစ်နေကြတာလ.ဲ ...?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.....စပ်စုမိ။
နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှုလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ.....?
ဟစ်တလာတောင်မှ သူ့ရဲ့စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။
(၈)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
တစ်ခါတရံ
ငါ.....ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ .....။
ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော..... ။
အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..
ကြည့်စမ်း !!
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။
(၉)
“ဘ၀ပေးပြီး ရွေးရမယ်...”တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်....
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
“အမှန်တရား”ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ....
သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ်နေတော့တာပဲ။
(၁၀)
နာကျည်းစရာ မကောင်းပါဘူး....
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့.....။
(၁၁)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ.....။
(၁၂)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ကောင်....။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်....)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..
(၁၃)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။
(၁၄)
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။
                                          (မင်းခိုက်စိုးစန်)
သေချင်းဆိုးမလေး
-----------------------------
ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလ.ဲ .”
ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပ.ဲ ..။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။
နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။
“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။ (မင်းခိုက်စိုးစန်)
 
ဂျစ်ပစီတစ်ယောက်ရဲ့ရင်ကွဲပက်လက်လမ်းဆုံ
-------------------------------------------
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။
ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။
သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။
မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။
ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)
လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။
ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။
ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။
ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)
ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။
ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
                                                (မင်းခိုက်စိုးစန်)
လွမ်းလို့သေသွားတဲ့သစ်ပင်
-----------------------------
ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။
မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပ.ဲ ..) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။
ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။
                                                               (မင်းခိုက်စိုးစန်)
ချစ်သူပျောက်ကိုလိုက်ရှာနေတဲ့ မှတ်ပုံတင်
-----------------------------------------
(၁)
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....
(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။
(၃)
ဒါနဲ့များ...
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်.....
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....
(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို....လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်
(၅)
စံပယ်ပွင့်ရေ...
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်.....တဲ့
ရွာလှည့်ပါ......လာခဲ့ပါ......
အချစ်ရေ...
မင်း နောင်တ မရစေရပါဘူးကွယ်။
                                                           (မင်းခိုက်စိုးစန်)
သပွတ်ခါးသီးဝိဇ္ဖာများရဲ့ဘုန်းတော်ဘွဲ့
------------------------------------
ဟား..ဘာတဲ့
မဟာအောင်မြင်မှုကြီးအတွက်ဆိုလား
ချိနဲ့နဲ့လူမမာအိုတစ်ယောက်ကို
ချည်တုပ်ရိုက်နှက်
အောင်ပွဲခံရက်နေလိုက်တာ
ဒါ မဟာဗျုဟာ တစ်ခုလည်းဖြစ်ရဲ့
ဟေ့…..ကိုယ့်နံရိုးယောင်ဆောင်နေတဲ့ ကောင်တွေ
၂၀ ကျော်နေတဲ့ အသက်တွေကို
ဂျပန်လုပ် အပိုပစ္စည်းလို
ခပ်ပေါ့ပေါ့သဘောထား
အိုးပုပ်ချိုးရုပ်တွေနဲ့ကစားရင်း
အိုမင်းမှန်းမသိ အိုမင်းနေတဲ့ကောင်တေ…ွ ..ရေ
ကြည့်လေ
ဘောင်ကွပ်ထားမယ့် အမြှီးတစ်ချောင်းအတွက်
အချိန်တွေကိုသောက်မျို
ကိုယ့်အသား ကိုယ်ကိုက်ဖဲ့
ရုတ်တရက်
အိပ်ကပ်ဖောင်းဖောင်းကြီးရဲ့ ရယ်သံကြောင့်
ခရီးသွားဟန်လွှဲတစ်ယောက်
ကျဉ်းမြောင်းလှတဲ့လည်ချောင်း
မျော်လင့်ခြင်းအသားတစ်ကြီး နင်
ဆန့်ငင်…ဆန်ငင်နဲ့
မျိုချလိုက်ရမှာလား
အရသာရှိတဲ့ အဆိပ်တွေကို
အလိုတူနေလျက်နဲ့များ
ခိုးဝှက် ကားတင်ပြေးရမလို
ငါတို့လက်ထပ်ရမယ့် သတို့သမီးက
ခန်းဝင်ပစ္စည်း မဖြစ်စလောက်နဲ့
ခေါင်မိုးကြီးကြီးရဲ့ အောက်မှာ
ခြေသံပြင်းပြင်း လမ်းလျှောက်ပြ
လာကြ.. ကြည့်ကြ…..လာကြည့်ကြ
မင်္ဂလာဦးည သန်းခေါင်ယံနားလေးမှာ
အတောင်မှားယက်မိတဲ့ပုဆိုး
ပုံဆိုးပန်းဆိုးကြီး ကွင်းကျဉ်းနေမှာကို…..။
                                               ဇုံနီ၊ ဧထက်၊ မင်းခိုက်စိုးစန်
ခွဲခွါချိန်
------------------------------------------
နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...
သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”
မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...
နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။
                                                              (မင်းခိုက်စိုးစန်)
ကံဆိုးကောင်
--------------------------
သည့်ထက်ပိုပြီးမှောင်စရာ...
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။
ကောင်...မ...လေး...ရေ...
စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။
စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့...
အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။
အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ.် ..
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...
ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ...
ပေးပါ... ပေးခဲ့ပါ...
ငါ့ရဲ့ လက်နက်ချခွင့်ကို
သနားသဖြင့် ပေးခဲ့ပါ။
ငါ့ရဲ့ အမည်နာမ မရှိတဲ့အဖြစ်နဲ့
မင်းစတိုခန်းရဲ့ ထောင့်ကျဉ်းမှာ
ဟောင်းဟောင်းမြင်းမြင်း လွှင့်ပစ်ခံထားရာက
တရားဝင် သေဆုံးခွင့် ပေးပါ။
ဝေးကွာပြီ ဆိုမှတော့
ငါ့ တနင်္ဂနွေကို ငါ ဖန်ဆင်း
တစ်နေ့ခင်းလုံးပဲ အိပ်ပစ်လိုက်တော့မယ်။
အဲဒါပါပဲ... ကောင်မလေးရယ်
သည့်ထက်ပိုပြီး မှောင်စရာ
ဘာကျန်သေးလို့လဲ !
မတန်ပါဘူးကွယ်...
အဲဒီ...ကံကြမ္မာဆိုတဲ့ တစ္ဆေတစ်ကောင်က
(ငါ့ကို) သေအောင်ပဲ ခြောက်လှန့်နေရော့တယ်။
                                                          (မင်းခိုက်စိုးစန်)
အခန်းနံပါတ် (302)
---------------------------------
မေမေရယ် .. စိတ်မပူပါနဲ့၊
သား .. အဝေးကြီးမသွားပါဘူး
အခန်းနံပါတ် (302) တင်ပါ ..။
မေမေရယ် ..
အဲဒီ ဟိုတယ်ခန်းလေးထဲမှာလေ
လိမ္မော်သီးစိပ်လေးတွေ နွှာထားတဲ့
အဖြူရောင် ပန်းကန်ပြားတစ်ချပ်ရှိတယ်၊
သားနဲ့ သူမ
အတူတူ ဖွာရှိုက်ခဲ့ကြတဲ့ စီးကရက်တို တစ်စလည်းရှိတယ်၊
ဟုတ်ကဲ့ ..
သား .. အဝေးကြီး မသွားပါဘူး မေမေရယ်၊
သေပြီးခါစ အလောင်းရဲ့ မျက်နှာပေါ်
အုပ်လွှမ်းလိုက်တဲ့ အဝတ်စလိုမျိုး
နှစ်သိမ့်မှုတွေရယ် ..၊
မွေးကင်းစ ကလေးငယ်တစ်ယောက်ရဲ့
အနံ့အသက်လိုမျိုး
နွေးထွေးမှုရယ် ..၊
အဲ့ဒီအခန်းလေးဟာ တကယ်နေပျော်တယ် မေမေ၊
ကမ္ဘာကြီးနဲ့ ဝေးရာကို ထွက်ပြေးချင်တိုင်း
သားလေ
(302) ဆိုတဲ့ အခန်းသော့လေးတစ်ချောင်း အတွက်
အိမ်မက်တွေကို ယက်ယက်ပြီး လိုက်ရှာရသေးတယ် ..
အဲဒီ တွင်းအောင်း သတ္တဝါလေးတစ်ကောင်ဟာ
ကျွန်တော်ပေါ့ ..။
အဲဒီ ဟိုတယ်အခန်းထဲက တီဗီမှာ
ခပ်ညံ့ညံ့ ရုပ်ရှင်ကားတစ်ကား လာနေတယ်၊
သူတို့ တစ်ခုခုကို လိမ်ညာရောင်းချနေကြတယ် .. မေမေ
အဲဒီ အခန်းလေးထဲမှာပဲ
ဘောလုံးပွဲ တစ်ပွဲကန်ကြတယ် ..
လူတွေ အော်ဟစ်ကြ၊ လူတွေ ဒေါသထွက်ကြ
လူတွေ အားပေးကြ၊ လူတွေ ဆဲရေးကြ
အောင်ပွဲခံတဲ့ အသင်းက လက်တွေဝှေ့ရမ်း
ကွင်းစိမ်းစိမ်းကို နမ်းရှုံ့လို့ …
ဒါနဲ့ .. သား တီဗီကို ပိတ်ပစ်လိုက်တယ်၊
ဖျားနာမှုကိုပဲ ချော့သိပ်တော့မယ် မေမေရယ် …
ဘယ်သူဟာ
နွေဦးကို ပူဇော်ခဲ့ဖူးသလဲ ..၊
ကျွန်တော်ကတော့ သတိရခြင်းကိုတောင်
တိုးတိုးကလေးပဲ ညည်းတတ်တယ် ..
အခန်းထဲမှာ တယ်လီဖုန်းသံ မြည်လာတယ်
“တီ … တီ … တီ … …”
ဖုန်းကို ကောက်မကိုင်ဖြစ်ဘူး၊
ဒီအတိုင်းပဲ ငေးကြည့်နေလိုက်တယ်။
တစ်စုံတစ်ယောက်ဟာ ငါ့ကို ခေါ်နေရှာပေါ့ ..
သူရဲကောင်းဆန်ခြင်းတွေကို
အခန်းဝက ခြေသုတ်ခုံမှာ သုတ်ပစ်ခဲ့တယ်။
သူမရဲ့ နှုတ်ခမ်းကို
နမ်းရှိုက်ပြီးတဲ့ အခါမှာတော့ …
ကြီးကျယ် ခမ်းနားမှုကိုပါ
အိမ်သာကြွေခွက်ထဲ ပစ်ထည့်ပြီး
“ဗွမ်း” ခနဲ ရေဆွဲချလိုက်တယ် ..။
ဘယ်အရောင်ကို အကြိုက်ဆုံးလဲ .. လို့
မေးတော့
“ပန်းနုရောင်ကို အကြိုက်ဆုံး..” တဲ့
သူမက ပြန်ဖြေတယ်၊
မနက်ဖြန်ကျရင် ..
ရန်ကုန် – မန္တလေး လမ်းမကြီးတစ်ခုလုံးကို
ပန်းနုရောင် သုတ်ပေးရဦးမယ် .. မေမေရယ်၊
အိမ်နီးနားချင်းတွေကို တွေ့ရင် ပြောပြလိုက်ပါ ..
ကမ္ဘာပေါ်မှာ .. ပန်းနုရောင် စစ်စစ်ကို
အခန်း(302) မှာသာ ရနိုင်တယ်ဆိုတဲ့ အကြောင်းပေါ့။
“ဟဲလို .. House Keeping ကပါ၊
သရီး အို တူး အတွက် မျက်နှာသုတ်ပဝါအသစ် လဲပေးရဦးမလားရှင် .. ”
ဟင့်အင်း .. ၊ သွားစမ်းပါ ..
လာမနှောက်ယှက်ကြနဲ့ ..
အခန်း (302) ထဲမှာ
သူမဟာ ငါ့ရဲ့ မျက်နှာသုတ်ပဝါလေးဖြစ်တယ်၊
အို .. ကမ္ဘာမြေကို ရှာဖွေ တွေ့ရှိသူတို့!
ကိုလံဘတ်စ် .. တို့ !
သင်တို့နှင့် ငါ .. မပတ်သက်လို။
အခန်းနံပါတ် သုံးရာ့နှစ်ဟာ
ငါတွေ့ရှိထားတဲ့ ကုန်းမြေ အသစ်ဖြစ်တယ်၊
ငါ့ရဲ့ ကိုလိုနီ ဖြစ်တယ်။
အဲဒီမှာ ..
ခေါင်းအုံးလေးတစ်လုံးကို ဘုရင်ခံလုပ်၊
အနမ်းတွေနဲ့ ဓါးမိုးအုပ်ချုပ်မယ်။
သူမနဲ့ မှားယွင်းခွင့် ရတာကိုပဲ
ကျေးဇူးတင်ရတော့မယ် ..
သူမနဲ့သာ မမှားယွင်းခဲ့ရဘူးဆိုရင်
အမှန်တရား ဆိုတာဟာလည်း
သိပ်ကို အကျည်းတန်နေမှာ မို့လို့ပါပဲ၊
ကဲ ..
သားကို သွားခွင့်ပြုပါ ..
သိပ်အဝေးကြီးမှ မဟုတ်တာ
အခန်းနံပါတ် (302) တင်ပါ .. မေမေ။
ငှက်တွေတောင် ညနေ အိပ်တန်းဆီ ပျံကြပြီလေ
ငါကတော့ အခုမှ မျက်လုံးဖွင့်ကြည့်ရသူပါ ..
“စောစောထ၊ သွားတိုက်၊ မျက်နှာသစ်..” လို့
ဖတ်စာအုပ်ထဲမှာ သင်ပေမယ့်
စောစောမထလည်း .. မျက်နှာကတော့  သစ်ရတာပဲ မဟုတ်လား၊
ဘဝဆိုတဲ့ ဟာကသာ သေချာရင်
(တီဗီမှာလို ..)
မနက်ဖြန်အစီအစဉ်ကို ကြေငြာချင်ပါတယ်။
သူမရဲ့ ကိုယ်သင်းနံ့ဟာ
ကြောင်ပေါက်စလေးနဲ့ တူတယ် ..၊
အခန်းနံပါတ် (302) ဟာ
ကြောင်တစ်ကောင်စာ ကျယ်ဝန်းတဲ့
တိရိစ္ဆာန်ရုံ တစ်ရုံပေါ့။
အဲဒီအခန်းထဲမှာ ..
လိမ္မော်ရောင် အလင်းဖျော့ဖျော့ ရှိတယ် ..
မီးပူတိုက်ထားတဲ့ အိပ်ယာခင်း ဖြူဖြူရှိတယ် ..
အစိမ်းနုရောင် ပြတင်းပေါက် ခန်းဆီးတွေရှိတယ် ..
ကုတင်ဘေးက စားပွဲတင် မီးအုပ်ဆောင်း နားမှာလည်း
တယ်လီဖုန်း လမ်းညွှန်စာအုပ် ရှိပါတယ် ..၊
မရှိတာဆိုလို့ တစ်ခုတည်းပါဗျာ၊
(ခင်ဗျားတို့ အဟုတ်ကြီးလုပ်ပြီး ပြော .. ပြောနေတဲ့)
“ပန်းတိုင်” ဆိုတဲ့ ဟာပေါ့ ..။
ခင်းထားတဲ့လမ်းကိုလျောက်မှ
“ခရီး” ဆိုတာ ရောက်သတဲ့လား။
ငါတို့ခြေထောက်တွေက လမ်းတွေနဲ့ မဆံ့တော့
စဉ်းစားရပြန်တယ် ..။
မုန်တိုင်း ဆီရေးတဲ့စာကို
ဘာလိပ်စာမှ တပ်ဖို့ မလိုဘူး ..။
(ဒါကြောင့် ..) လေပြေလေညင်းကိုပဲ ဖတ်ပြလိုက်တော့တယ် ..
မေမေရယ် .. စိတ်မပူပါနဲ့
သား .. အဝေးကြီးမသွားပါဘူး
အခန်းနံပါတ် (302) တင်ပါ ..။
အခုလောက်ဆို ..
သား ပြန်အလာကို သူစောင့်မျှော်နေရှာရော့မယ်
(သားကို…)
ခရီးသွားခွင့် ပြုပါ မေမေ …။
                                   (မင်းခိုက်စိုးစန်)
ချစ်သူရက်တဲ့ပုဝါ
-----------------------
နွေဦးရဲ့တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ…
အလွမ်းတွေကိုပဲ “ငတ်”တယ်…
ဘဝဟာ မင်းရဲ့ ခြေသည်းခွံလေးတွေလောက်တောင်မှ
ကျကျနန မဖြူစင်ခဲ့ပါဘူး
အိပ်မက်တွေ ရွှံ့လို လူးခဲ့တယ်။
ကလေးရေ… ငါဆိုတဲ့ ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ်နာ… နာ နေလိုက်ပုံများရယ်…
အဖြူရောင်လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့ အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် “နာ” လာရော…
သံယောဇဉ်ကို ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
မင်း ယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘဝ ကိုယ်ပြန်ပေးယူရတဲ့အထိ ဝေးခဲ့တယ်…။
                                                             မင်းခိုက်စိုးစန်
ဇိယုရဲ့လက်
--------------
(၁)
ကောင်းကင်ဟာ..
အပြာရောင်သုတ်ထားတဲ့
စကောတစ်ချပ်ဆိုပါစို့…
လမင်းဟာ..
အဖြူရောင်ဆီးဖြူသီးတစ်လုံးဆိုပါစို့၊
ကြယ်တွေ..ဂြိုဟ်တွေဟာ
ထောင့်ချွန်းအချွန်အတက်တွေနဲ့
ဖန်သားအပိုင်းအစတွေဆိုပါစို့
နောက်..(အဲဒီ)
အပြာရောင်စကောတစ်ချပ်
ကျုပ်တို့လက်အပ်လိုက်မယ်… …
ဆိုပါစို့။
(၂)
ကဲ…
စကောထဲလှိမ့်ဆီးဖြူသီး
မေးခိုင်ဆိပ်စီးဆင်းဖန်ချွန်စ
… … … …လာကြ…။
(၃)
ကျုပ်
စကောကို အကွပ်ဖြုတ်
ဖျာတစ်ချပ်လုပ်လိုက်မယ်
ဆီးဖြူသီးကို ကြိုးတပ်ပုံသွင်း
ဟော်လို ဂစ်တာတစ်လုံးထွင်းလိုက်မယ်
ဖန်သားအပိုင်းအစတွေကို
ကော်သုတ်ကပ်ဆက်
ဘီယာဖန်ခွက်လုပ်လိုက်မယ်
လိုအပ်လာရင်ယုံကြည်ပစ်လိုက်မယ်
တကယ်ဖြစ်လုနီးပါး..ယုံကြည်ပစ်လိုက်မယ်.။
(၄)
ပြီးမှ..ဖျာတစ်ချပ်ပေါ်မှာ
ဘီယာတစ်ဖန်ခွက်
ဟော်လိုဂစ်တာတစ်လက်နဲ့
ခံစားချက်တွေဖွင့်အံထွေးထုတ်
ဒီအခါ..
ချာလပတ်ရမ်းဇာတ်ထုတ်တွေရဲ့ ဒဏ်ချက်
(ကဗျာဆရာ)
သွေးထွက်နေမှန်းသိတော့မှာမဟုတ်..။ ။
                                                  ဇုံနီ ၊ မင်းခိုက်စိုးစန်
ဟာကျူလိပုံတူ
--------------
ငါ့ အိမ်မိုး တံစက်မြိတ်စွန်းမှာ
မသိတသိတွဲလောင်းချိတ်နေတဲ့ဆောင်း
ပုဆိန်ထက်ထက်နဲ့ တစ်ချက်တည်းခုတ်ချ
ခြွမ်းကနဲ
ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်လိုက်သလို
မိုးစိုငှက်တွေနဲ့လမ်းခွဲဖြစ်ခဲ့တဲ့ဆောင်း
နူးညံ့ ၊ပန်းပွင့်၊ဝတ်ဆံဖျားတွေပေါ်
ခြေသံမကြားအောင်တွားသွားတက်ခဲ့တဲ့ဆောင်း
မေ့လျော့ ၊ပြတင်းဟဟဘောင်တွေပေါ်
စက်တင်ဘာယောင်ဆောင်ပြီးကြေကွဲပြခဲ့တဲ့ဆောင်း
ဘီယာခွက်ဖန်သားပေါ်
လျှာမျက်နှာပြင်အဖုထသလို
ရေခဲငွေ့စတွေစီဥ
လက်မှတ်တုထိုးသွားတဲ့ ဆောင်း
ဥတ္တရနတ်သမီးမွေးနေ့ပ
ရေခဲသေတ္တာထဲကငါးလို မာစိုစိုကိုယ်ထည်
ထုံကျင်နစ်ခဲသွားမတတ် အကျပ်စာနမ်းစို့မှုများ။
အပြားလိုက်အလျားလိုက်
ကပ်လွှတ်လိုက်ရက်တဲ့
အပြာနုသက်သက်ဆောင်း
မြက်ရိုင်းစိမ်းရှည်တွေကို လှုပ်နှိုး
ဘိလိယက်ထိုးတဲ့ဆောင်း
နှင်းတွေ…နှင်းတွေ…
(မက်စဖက်တာ)တင်းကြမ်းရိုက်သလိုပ
ကမ္ဘာမြေနဲ့နှစ်ပေအကွာမှာပွထခဲ့
ဘရစ်ဘားဒေါ့ရဲ့ ပါးပြင်ပေါ်ကဆောင်း
လည်ဆံဖွားမြင်းဖြူကြီးစီးလို့
ကြယ်တွေကြားဒုန်းစိုင်းသွားခဲ့
တမာန်တော်ရဲ့ 
အထူးညစာစားပွဲဖိတ်စာနဲ့ဆောင်း
အမေ ၊၁၉၇၇
မရမ်းရောင်တိမ်တွေထ၊ပန်းနုရောင်ကောင်းကင်ထဲ
အဲဒီဆောင်းကို၊အတုံးလိုက်အခဲလိုက်
ကြပ်ညပ်နေအောင်
စိတ်ရှိလက်ရှိရိုက်သွင်းခဲ့……
                                    (မင်းခိုက်စိုးစန်)
သစ်ပင်သေဂီတ
--------------------
ဓားသွေးတဲ့အသံကို
ဂီတမဆန်ဘူးလို့ ဘယ်သူပြောမလဲ
သူလိုငါလို အသက်ရှုရဖို့တောင်မှ
ခွင့်စာရေးပြီးတင်ခဲ့ရတယ် ဟောဒီ၎ ‘သား’ကို
အမေက
ဝဋ်နာကံနာ တစ်ခုလိုချစ်ခဲ့တယ် …
မေမေရေ …
သားဟာမေ့မေ့အတွက်
လက်လွန်သွားခဲ့တဲ့ ဒဏ်ရာတစ်ခုပေါ့
အပွင့်တွေခူးဖို့
တစ်ပင်လုံးခုတ်လှဲခံထားရတဲ့ ပိတောက်ပင်လို
မေမေ့ကိုမြင်မိတယ်
(အစကတည်းက ဒီလိုမှန်းသိရင်
သား … မဖူးပွင့်ချင်ခဲ့ပါဘူး မေမေရယ်)
“နာကျင်နေတဲ့ နှလုံးသားကို
ရှာဖွေရတာ အလွယ်ကူဆုံးပဲ” … တဲ့
သစ်ခုတ်ဓားဟာ
အမေ့နှလုံးသားကိုပဲ
“အလွယ်တကူ” ရှာဖွေထိုးစိုက်ခဲ့တော့တယ် ….
                                                         (မင်းခိုက်စိုးစန်)
“----------------“
--------------------------
ကျွန်တော်လား
တစ်ခါက ကျွန်တော် ရေးခြစ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။
အဖေ....
အသက်(၄၀) ကျော် အမျိုးသား
ဦးနှောက်နဲ့ စကားပြောတယ်။
အမေ....
အသက်(၄၀) ကျော် အမျိုးသမီး
နှလုံးသားနဲ့ သိမ်းဆည်းတယ်။
ကျွန်တော်....
အသက်(၂၀) ကျော် ကောင်လေး
(ဘာကိုမှ မတွေးဘူး)
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တာနဲ့ စားတာကြားမှာ
မကြာမကြာ သန်းဝေတယ်။
                                                       (မင်းခိုက်စိုးစန်)
အကျီကြယ်သီးပြုတ်နေတဲ့ကောင်
----------------------------------
ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့  …
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့ …
                                      (မင်းခိုက်စိုးစန်)
ကြေငြာချက်
--------------
(၁)
ငါဟာကော်ဖီတစ်ခွက်ပါကွဲ့…
ကိုယ့်ကိုယ်ကိုတောင်ပြန်ပြီး
ခါးသက်သက် ဖြစ်နေခဲ့တာပေါ့။
(၂)
စာအိတ်ထဲ ငါဝင်နေလိုက်မယ်
အပေါ်မှာ ဘာလိပ်စာမှ မရေးပါနဲ့…
ဒီအတိုင်းပဲ စာတိုက်ပုံးထဲ ထည့်လိုက်ပါ
(၃)
ကဖေးဆိုင်လေးထဲက စားပွဲတစ်ဝိုင်းမှာ
… ငါရယ်၊
… ဘယ်အိမ်ပေါက်ဝကိုမှ မရောက်ဘူးတဲ့
စာပို့သမားအိုကြီး တစ်ယောက်ရယ်၊
… ငါ့ဖက်က တစ်ဖက်သတ် အပစ်ခတ် ရပ်စဲလိုက်တဲ့
လမ်းမတစ်ခုရယ်၊
(၄)
ခြေစုံပစ်ပြီး ရင်ခုန်ပစ်လိုက်တယ်…..
ကိုယ့်ကိုယ်ကို မရဏဖွားဖြစ်မှန်း မယုံကြည်လို့၊
                                                          (မင်းခိုက်စိုးစန်)
မှော်ဆရာမလေး
--------------------
(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်ပါကွယ်။
(၂)
အချစ်ဆိုတာ မျက်လှည့်တစ်မျိုးပါပဲ။
မင်းက… မျက်လှည့်သေတ္တာထဲကနေ
ငါ့ အိပ်မက်တွေကို ဆွဲဆွဲထုတ်ပြတယ်…။
… ပန်းသီးအပုပ်တစ်လုံး ဖြစ်သွားလိုက်
… ဖဲချပ်တွေ ထွက်လာလိုက်
… ပန်းပွင့်တွေ ထွက်လာလိုက်…နဲ့
ဟော… နောက်ဆုံး
ငှက်အဖြူလေးတစ်ကောင် ဖြစ်သွားပြီး
ဟိုး… အဝေးကြီးကို ပျံသန်းပျောက်ကွယ်သွားတယ်။
(၃)
ဘာမှ မကျန်ခဲ့တော့ဘူး။
(၄)
အစကတည်းကလည်း
ဘာမှ ရှိနေခဲ့တာ မဟုတ်ပါဘူး။
(၅)
မလိမ်မိုး မလိမ္မာနဲ့… ငါကသာ
မင်းကို အခါခါ ယုံခဲ့တယ်…။
စုန်းသွင်းခံထားရသူတစ်ယောက်လိုကို
ယုံခဲ့တယ်။
……
ငါ့ အိပ်မက်တောင်ယာကို ခုတ်လှဲ
အလွမ်းတွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူကောင်း ငနဲမလေးရေ…
ဟောဒီမှာ … ငါဆိုတဲ့ကောင်က
မီးကျွမ်းခံထားရတဲ့ စာရွက်တစ်ရွက်လို
လေတစ်ချက် တိုက်ခတ်လိုက်ရုံနဲ့
စိပ်စိပ်မြွာမြွာ ပဲ့ကြွေလွင့်စင်သွားရတော့မယ်။
(၆)
မင်းရဲ့ မျက်လှည့်သေတ္တာထဲက
နောက်ထပ…် ဘာတွေများ ဆွဲထုတ်ပြဦးမှာလ…ဲ ?
(ရ)
ကောင်မလေးရယ်…
ပြောပါ…
ငါ ရပ်နေရမှာလား
ဆက်လျှောက်ရမှာလား ဆိုတာကို။
                                            (မင်းခိုက်စိုးစန်)
တကိုယ်တော်
-------------------------------
ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။
ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?
မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။
ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။
လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။
“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။
လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ
                                                               (မင်းခိုက်စိုးစန်)
“------“
ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့. . .
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.... “ရွာသူ”ရေ
ရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်......
သခင်မ.....
ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ....။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ....။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်း.....အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ....။
                                                             (မင်းခိုက်စိုးစန်)
“----------“
ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့ စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်။
အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးအ၀င်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ မြေကြီးဆန်တယ်။
                                                      (မင်းခိုက်စိုးစန်)
မင်းခိုက်စိုးစန် ကဗျာပေါင်းချုပ်ကို ဒီနေရာကနေ ယူခဲ့တာပါဗျားးးး

6 comments:

  1. အရမ်းကိုကျေးဇူးတင်တယ်......မင်းခိုက်စိုးစန်ကဗျာတွေကို အခုလို စုပြီးတွေ့ရတဲ့အတွက်ပါ

    ReplyDelete
  2. ကြိုက်တာလေးတွေ မ သွားပီဗျို့ 

    ReplyDelete
  3. ယူသွားပီဗျို့ ကျေးဇူးပါ

    ReplyDelete
  4. ကဗျာအားလုံးကြိုက်တယ်ဗျာ

    ReplyDelete
  5. အားလုံးကောင်းတယ်ဗျာ

    ReplyDelete
  6. အားလုံးကောင်းတယ်ဗျာ

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။