Wednesday, March 21, 2012

လက်ညှိုးထိုးတတ်သူများ

လက်ညှိုးထိုးတတ်သူများ


အလွမ်းခြွေအနမ်းတဲ့ ကဗျာလေးတစ်ပုဒ်
ရင်ထဲကထုတ်ပြီး တခုတ်တရလေး
ထုဆစ်မိပါရဲ့….
သြော်…အရှက်တော်ကွဲစရာ
မဟာအမှားကြီးတစ်ခုလေလား
ပြောနေကြတဲ့စကား
သတင်းလိုမပါး အတင်းလိုကြားရပါရဲ့ဗျာ…..
ပတ်ဝန်းကျင်…တဲ့ လူသားတွေမကောင်းလိုက်ပုံများ
တစ်ဆိတ်ကိုတစ်အိတ်လုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဟိတ်ဟန်တွေထုတ်ပြီး
မဲ့ကာရွဲ့ကာ မာယာတွေ အကုန်သုံး
စီကာပတ်ကုံး ပြောကြတယ်ဗျို့…..
သူတို့အချိန်တွေ မတရားကို
တအားပိုနေကြလေသလား
စိတ်ကူးနဲ့လက်တွေ့
ပေါင်းစည်းဖွဲ့သီထားတဲ့ ငါ့ကဗျာကို
ပုံရိပ်တွေဖော်လိုက်ကြတာ
ဒါရိုက်တာတွေတောင် ငိုချင်းချချည်ရဲ့…..
တစ်ခြားသူဆီ လက်ညှိုးထိုး
လက်လေးချောင်း ကိုယ့်ဆီဝင်တိုးသလို
လူဆိုတာ ကိုယ့်မျက်ချေးကိုယ် မမြင်နိုင်ဘူးလေ
ကဲ….ပတ်ဝန်းကျင်ဆိုတာကြီးရေ
အသင်တို့ မျက်နှာသစ်ပြီးပြီလား…..


ကဗျာကို ကဗျာလို့မမြင်
ထင်ချင်ရာ ထင်ကြတဲ့
အနုပညာ Blind နဲ့လူများ
နောင်ခါဆို စာ,ကဗျာကို
နှလုံးသားနဲ့ခံစား  ရသတွေ ပွားကြပါလို့…….။

♥ မိုးဇက်ဒီမွန်း ♥

Wednesday, March 7, 2012

မြို့လေးနဲ့ မြို့သူလေးသို့ လွမ်းချင်း

မြို့လေးနဲ့ မြို့သူလေးသို့ လွမ်းချင်း



ဒီအချိန်ဆို…
နီယွန်ဝတ်ရုံနဲ့
ပင်လယ်နှုတ်ခမ်းပေါ်က မြို့လေး
ဝါရီသန်းဝေနေလောက်ပြီ…
ဒီအချိန်ဆို…
လှိုင်းခတ်သံစည်းချက်က
ထိန်လင်းဝင်းပတဲ့ “လ”သီချင်းကို
တေးကူထောက်နေလောက်ပြီ…
ဒီအချိန်မှာ…
ငါ့ဘ၀အစပြု စိုက်ပျိုးခဲ့တဲ့
မြို့လေးကို ငါလွမ်းနေတယ်…

မြို့ပြရဲ့ ခရမ်းပြာရောင်ညတွေမှာ
တွန့်လိမ်ကြေမွနေတဲ့ အိပ်ရာခင်းပေါ်
မျက်ရည်စတွေ ဖြာလက်လာတိုင်း
မြို့လေးကို ငါလွမ်းတယ်…
အသွားထက်ထက် အပြုံးတွေဆင်ထားတဲ့
ယန္တရားနှလုံးသားနဲ့လူတွေကို
လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း
မြို့လေးက အပြုံးအစစ်နဲ့ ရောင်းရင်းတွေကို
ငါ လွမ်းတယ်……
ရေထိုးအလေးခိုးထားတဲ့
အဆီပေါ အရိုးများတာတွေ စားရတိုင်း
မြို့လေးက ငါးတွေကို ငါလွမ်းတယ်…
ကြပ်သိပ်လှောင်ပိတ်နေတဲ့
ဘတ်စ်ကားကြီးထဲမှာ
ချွေးပြိုက်ပြိုက်ကျတဲ့အခါတိုင်း
မြို့လေးက ဆိုင်ကယ်တွေကို
ငါ လွမ်းတယ်…
ငါ့အသည်းတံခါးသော့ကို
ချယ်လှယ်ပိုင်စိုးထားတဲ့
မြို့သူလေးကိုတော့ ငါ အလွမ်းဆုံးပါပဲ……

♥ မိုးဇက်ဒီမွန်း ♥

သုည

သုည


ကားမရှိ…ဖုန်းမရှိ…ငွေမရှိ….
ယိုင်ကာဓနိမိုး အိမ်တစ်လုံးတောင်မရှိ…..
ရေ၀ပ်ဗွက်ထူ မြေတစ်ကွက်တောင်မရှိ…..
မရှိခြင်းတွေ ကြွယ်ဝတဲ့ ဘ၀တစ်ခုတော့ရှိတယ်…..
စက္ကူဖြူတစ်ရွက်ရယ်
ဘောလ်ပင်တစ်ချောင်းရယ်
တပတ်နွမ်းနှလုံးသားတစ်စုံရယ်
ငါ့အိတ်ကပ်ထဲမှာရှိတယ်…..
သွေးကြောထဲ စိမ့်ဝင်စီးနေတဲ့
ကဗျာမှော်သားတွေ ရှိတယ်…..
ရေးရင်း ဖျက်ရင်း ဆက်ရင်း
အဆုံးမသတ်သေးတဲ့
ရင်ကွဲဇာတ်ကဗျာ 1,2,3…….,x ရှိတယ်….
အိပ်မက်ထဲက ချစ်သူပေးတဲ့
ပန်းတစ်ခက်နဲ့ အနမ်းတစ်ပွင့်
အိပ်မက်ထဲမှာပဲ ရှိဦးမယ်…..
ရန်ခုန်သံနဲ့ ထုဆစ်ထားတဲ့
ပုံရိပ်တစ်ခု နှလုံးအိမ်ရဲ့
ထောင့်ချိုးတစ်ခုမှာ ရှိတယ်….
အခု….ဝေခွဲရခက်တဲ့ မျက်ရည်တစ်စ
ငါ့မျက်ဝန်းမှာ ရှိနေတယ်…..
အနာဂတ်တိုက်အိမ် လေထဲမှာဆောက်ဖို့
ရှေ့မှာ လမ်းတွေရှိတယ်
ငါ….ဘယ်လမ်းကို လျှောက်ရမလဲ…..
သတ္တိမရှိဘူးတဲ့…..ပြောပါချစ်သူ..ပြောပါလေ…..
ပခုံးတန်းမှာ ကြယ်ဆိုင်းထမ်းနဲ့သူလို
ဂုဏ်ဒြပ်တွေ ငါ့မှာမရှိ….
ရေမီးစုံတဲ့သူတွေလို “ချစ်တယ်”ဆိုတဲ့
စကားနှစ်ခွန်း ဟောကနဲ
ပြောနိုင်ဖို့သတ္တိ ငါ့မှာမရှိ…..
ပါရမီရှင်တစ်ပါးလို
ကြီးမားတဲ့ ခန္တီတရားလည်း
ငါ့မှာမရှိ….
ဒါပေမယ့်…
ဥပက္ခောပြုခြင်းသီအိုရီတစ်ခုတော့
ငါ့မှာရှိတယ်….
ထိန်းချုပ်မျိုသိပ်ခြင်း အတတ်တစ်ခုရှိတယ်…..
ဖုံးကွယ်ပြုံးရယ်တတ်တဲ့
မျက်နှဖုံးတစ်ခုလည်း ရှိသေးတယ်….
ရောင့်ရဲတတ်မယ်ဆို…….
မရှိခြင်းတွေကြွယ်ဝတဲ့
ဘ၀တစ်ခုရှိနေသေးတာ ငါ..ကျေနပ်တယ်…….
 
♥ မိုးဇက်ဒီမွန်း ♥