Saturday, February 25, 2012

“ဥသြလေး”


“ဥသြလေး”


ပင်ယံထိပ်ဖျားမှာ
အဖော်မပါတစ်ကောင်တည်းနား
တစ်ကိုယ်တော်ဆိုရေးတဲ့
နွေကြိုချိုတေးကို
သီကြွေးနေတဲ့ ငါ့အနား
နင်လေ အတောင်တဖျတ်ဖျတ်
လှလှပပခတ်ပြီး ရောက်လာခဲ့တယ်နော်
သံသာသာလေးနဲ့ နှုတ်ခွန်းဆက်တေးလည်း
ဆိုညည်းလိုက်သေး……
နောက်တော့……ငှက်ကလေး
ငါရေးတဲ့တေးတွေ နင်ယူခဲ့တယ်
ရင်ဘတ်ထဲ သိမ်းထားမလို့တဲ့……
နင်ရေးတဲ့တေးတွေ ငါ့ကို ဆိုညည်းစေခဲ့တယ်
ရင်ဘတ်ကြီးနဲ့ နားဆင်ဖို့တဲ့…
ယိုဖိတ်လျှံကျနေတဲ့ ချစ်စိတ်တွေနဲ့
ရင်ဘတ်ကြီး ကွဲရင်ကွဲပါစေ
တလောကလုံး ကြားအောင် ငါဆိုညည်းခဲ့တယ်……

 
ခုတော့…ငှက်ကလေးရယ်
နင်ရေးတဲ့တေးတွေ နင်ယူပြီး
အတောင်တဖျတ်ဖျတ် လှလှပပခတ်လို့
ငါ့အဝေးကို ထွက်သွားပြီနော်…
ဒါပေမယ့်…ငါလေ
ပင်ယံထိပ်ဖျားမှာ
အဖော်မပါတစ်ကောင်တည်းနား
နင်ရေးတဲ့ နွေကြိုချိုတေးကို
ရင်ဘတ်ကြီးကွဲရင်ကွဲပါစေ
လွမ်းလွမ်းလေး ဆိုနေဦးမှာ
ဟိုး………စကြာဝဠာဆုံးတိုင်ပေါ့……။

♥ မိုးဇက်ဒီမွန်း ♥

အလွမ်းခြွေအနမ်း

အလွမ်းခြွေအနမ်း

ချစ်သူရေ.....
         အချစ်တွေ ဝေနေအောင်ပန်ပြီး
          ငါ့ပါးပေါ် ဝေနေအောင်
          ခြွေခဲ့တဲ့ အနမ်းတွေက
          ခုတော့....အလွမ်းတွေ ဖြစ်ကုန်ပြီ.....
ချစ်သူရေ.....
          နင့်..အနမ်းပွင့်တွေခြွေချခဲ့တဲ့
          ငါ့ပါးမြေမှာ....မျှော်လင့်ခြင်းတွေ
          ငါ....စိုက်ပျိုးထားတယ်

          နင်မရှိတဲ့အချိန်
တစ်ဝက်တစ်ပျက်ရှူနေရတဲ့လေနဲ့
ငါ့သစ်ပင်မှာ မျှော်လင့်ခြင်းပန်းတွေ
ရာသီတိုင်းပွင့်နိုင်ပါစေ....
သြော်…..လွမ်းပါတယ်ဆို
ဥသြက လွမ်းကူထောက်ပြီး
တေးတွေကျူနေပြန်ပြီ.....
ပြန်ဆုံဖို့လမ်းရေ
ရှေ့မှာ ညီညာပြန့်ပြန့်
ဖြန့်ချခင်းပါလော့
အဆုံးမှာတော့
အပျော်ရွှင်ဆုံးပန်းတွေ
လမ်းတိုင်း ပွင့်မှာပါ...
ငါတို့ဆုတောင်း..အမြန်ဆုံးပြည့်ခဲ့ရင်ပေါ့...။

                                  ♥ မိုးဇက်ဒီမွန်း ♥

နှလုံးသားတည့်တည့်ဆီမှာ ရွာတဲ့“မိုး”

နှလုံးသားတည့်တည့်ဆီမှာ ရွာတဲ့ “မိုး”

♥♥♥♥♥♥♥♥♥♥

ချစ်သူရေ….

အလင်းတွေကကြိုးဆင်တဲ့
ရောင်နီမနက်ခင်းမှာ
မင်းအတွက်ရေးတဲ့ “ကဗျာတစ်ပုဒ်”
စာရွက်ပေါ်ဖြာကျခဲ့တယ်….
ငါ့ရင်ဘယ်ယွန်းယွန်းမှာပွင့်တဲ့
ရနံ့သင်းသင်းကို တစ်ပွင့်စီသီလို့
မင်းကေသာ မွှေးမြမြမှာ
လှလှလေး ပန်ပေးချင်တယ်
သစ္စာဆက်ထုံးနဲ့ ခရေတစ်ကုံးလို
တစ်သက်လုံးအတွက်ပေါ့….
ချစ်သူရေ….
ငါတို့ရဲ့ ရှေ့မှာ ဘ၀ခရီးကြမ်းနဲ့
အချစ်ခရီးလမ်းလေးရှိတယ်
ရင်ဆိုင်ကာ အတူသွားဖို့
ခွန်အားတွေလိုတယ်လေ….
ချစ်သူရေ….
ငါတို့ဧဒင်မှာပျိုးတဲ့ အချစ်ရဲ့သစ်ပင်
မျှော်လင့်ခြင်းနဲ့စိမ်းလန်းဖို့
မင်းရဲ့အချစ်မိုးတွေ
နှလုံးသားတည့်တည့်ဆီမှာ
ရွာဖြိုးပါတော့လေ….။

♥ မိုးဇက်ဒီမွန်း ♥

Saturday, February 11, 2012

“နွေဦးညနေ”

“နွေဦးညနေ”

♥ ♥ ♥ ♥ ♥ ♥

17).jpgနှင်းပွင့်တို့ အတောင်မစုံသေးခင်
ဆောင်းညတွေအိပ်တန်းတက်ကုန်ပြီ
မနက်ခင်းတိုင်းပွင့်တဲ့
အလင်းတစ်ခက်ရဲ့သီချင်းက
တိုးရှရှနဲ့ မြမြလေးမွှေးနေတယ်
ကြွကြွလေးကြွေနေတဲ့ ရော်ရွက်မြေမှာ
လင်းပ၀င်းမြတဲ့နွေဦးနဲ့အတူ
ဖွဖွလေးနင်းလျှောက်ခဲ့ပါ ချစ်သူ…
ဥသြလေးရေ…
ငါသိပ်ချစ်တဲ့ ချစ်သူလေးအတွက်
တေးတစ်ပွင့်လောက် ဆိုညည်းပေးပါ
ငါ့နှလုံးသွေးနဲ့ရေးတဲ့ တေးပေါ့……
အို……အုံ့ဝေမှိုင်းပျတဲ့ အသင် ဟေမန္တ
မီးလင်းဖိုတွေနဲ့အတူ
ငါ့ရဲ့အလွမ်းတွေကို ယူငင်သွားပါ
နှင်းတွေဝေတိုင်းကြွေတဲ့ အလွမ်းပေါ့……
အေးစက်စက်မနက်ခင်းတွေနဲ့
ငါ့အတွက် အထီးကျန်ခြင်းတွေသာ
ဆောင်ကျဉ်းခဲ့တဲ့ “ဆောင်း”
ငါ့ကို နှုတ်ဆက် ထားရစ်ခဲ့ပါ……
ချစ်ခြင်းရဲ့နက္ခတ်တွေ လင်းတောက်နေတဲ့
ဟောဒီ “နွေဦး”က ချစ်သူ့ညနေခင်းဆီမှာပေါ့……။

မိုးဇက်ဒီမွန်း