Monday, June 25, 2012

ရင်ကွဲဇာတ်ကဗျာ ၁ , ၂ , ၃…….




ကျောင်းတော်ရဲ့ စံပယ်ရုံမှာ

အဖြူအစိမ်းတွေဝတ်စဉ်အခါက

ချစ်ခြင်းရဲ့နက္ခတ်တွေ

ရင်လုံးပြည့် လင်းမြခဲ့ဖူး

စံပယ်ရနံ့တသင်းသင်းနဲ့

ကြက်ဆံမြီးတစ်ပင်ရဲ့ ရစ်ပတ်မှုမှာ

ရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….

… … … … … …

ကျောင်းတော်ရဲ့ ကံ့ကော်ရုံမှာ

ဂျင်းပင်တွေဝတ်စဉ်အခါက

ချစ်ခြင်းရဲ့ နက္ခတ်တွေ

ရင်လုံးပြည့် လင်းမြခဲ့ဖူး

ရှန်ပူရနံ့တသင်းသင်းနဲ့

ချွန်မြမြဂုတ်ဝဲလေးရဲ့ ထိုးစိုက်မှုမှာ

ရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….

… … … … … …

လောကရဲ့ ဇာတ်ခုံပေါ်မှာ

ဘ၀၀တ်ရုံ စခြုံစဉ်အခါ

ချစ်ခြင်းရဲ့ နက္ခတ်တွေ

ရင်လုံးပြည့် လင်းမြပြန်ပြီ

လောကဓံရနံ့တသင်းသင်းနဲ့

အဖြူရောင်စည်းလေးရဲ့ ခြားနားမှုမှာ

ရင်တစ်ခုလုံး ကွဲရဦးမယ်….

… … … … … … … … … … …

… … … … … … … … … … …

… … … … … … … … … … …

… … … … … … … … … … …

… … … … … … … … … … …

… … … … … … … … … … …

… … … … … … … … … … …


                       ♥ မိုးဇက်ဒီမွန်း ♥

“မိုးရာသီလမ်းမှာ တစ်ခန်းလုံးပက်ကြားအက်တဲ့ ရင်”


မနက်ခင်းပျိုရဲ့
စိမ်းနုရောင်မျက်နှာပြင်ပေါ်
ရွှေအိုရောင်အလင်းတွေ သင်းဝေဖြာကျ
ရွက်နုတွေခါချတဲ့ စည်းချက်ကျမိုးစက်မှာ
မိုးငှက်က တေးသလို့…
အို…မနက်ခင်းပျိုရေ…
စိမ်းနုရောင်ရွက်သစ်နဲ့ မိုးစက်တွေ
ဟောဒီကောင် ရင်ပေါ် ခါချပေးပါ
ငါ့ရင် ဘယ်ဘက်ရပ်ဝန်းမှာ မိုးခေါင်ရေရှား
ရာသီတွေ ပက်ကြားအက်ကုန်လို့…
… … … …
ကဝေပျိုရေ…
ဘယ်အငြိုးနဲ့များ ငါ့ကို ပြာကျစေခဲ့တာလဲ
ရွက်ကြွေလို မြေခရုံနဲ့မကျေ
နေငှက်ရဲ့ အတောင်ခတ်ရာမှာ
မီးတောက်တွေတောင် ရဲခနဲ
ပက်ကျဲခဲ့သေးတယ်
ဟုန်းခနဲ လောင်ကျွမ်းသွားတဲ့ ငါ့ဘ၀က
အညတရပန်းချီဆရာရဲ့
ခပ်ညံ့ညံ့ စုတ်ချက်လောင်တောင် မလှပတော့…
… … … …
ကဝေပျိုရေ…
နင်စေခဲ့တဲ့ နေရာမှာ ငါနေလို့
နင်ခြေခဲ့တဲ့ ဝေဒနာနဲ့ ငါ့ရင်ထဲ
အပူတွေအုံကြွနေဆဲ… …
ဟိုး……အပြင်မှာတော့
မိုးငွေ့တွေ မြိုင်ထလို့
သက်တံ့တွေ ခုန်ကနေလေရဲ့… …။
 
                       ♥ မိုးဇက်ဒီမွန်း ♥

Wednesday, June 13, 2012

ဝင်္ကပါလမ်းမှာ ကျပျောက်သွားတဲ့ “အချစ်”


အချစ်ဆိုတဲ့ စာမျက်နှာ
ဘ၀သင်ရိုးမှာ ထပ်တိုးမယ်ကြံတိုင်း
ရေစိုစုတ်ပြဲလိုက်
လောင်ကျွမ်းပြာကျလိုက်နဲ့
ခုထိ ၀င်ခွင့်မရသေး
ကိုးရီးယားကားလို
လှလှပပ အလွဲနဲ့
ခဏခဏ ကြယ်သီးပေါက်မှားနေခဲ့တာ ကြာပေါ့…..
မုန်တိုင်းထန်ခဲ့တဲ့အတိတ်ရဲ့
သက္ကရာဇ်ရိုင်းတွေက
ခုထိအုံ့မှိုင်းတုန်း
ရောင်နီများ ရစ်သိုင်းလေမလားလို့
မျှော်လင့်ချက် ရိပ်ရိပ်လေးပိုက်
အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့
နေ၀င်မိုးချုပ်လျှောက်မိသေးတယ်
ဒဏ်ရာတွေသာစိုက်ပြီး
မျက်ရည်လေးဝိုင်း.....ပြန်ခဲ့ရတာ
ရင်ဘတ်ဟောင်းလောင်းနဲ့....
အချစ်က မီးပြင်းပြင်းလေး တိုက်စားခဲ့လို့
ဆိုနေကျတေးနဲ့ ရေးနေကျကဗျာတွေတောင်
ပေါက်ကွဲဖူးယောင်ကုန်ပေါ့....
ဒဏ္ဍာရီမဆန်တဲ့ ပုံပြင်တစ်ပုဒ်ကို
အချစ်သင်ရိုးလို့ အညွှန်းထိုးမလား
ဒါဆို အမုန်းတစ်မျက်နှာနဲ့
အလွမ်းတစ်ရွက်ပါ
နောက်ထပ်တိုးရဦးမှာနော
(ဒီနေ့အထိ) စိုထိုင်းခဲ့တဲ့နေ့တွေအတွက်
ညှို့ညှို့မှိုင်းမှိုင်းရွာခဲ့တဲ့ မိုးတွေကို
ဘယ်တန်ခိုးနဲ့ ရပ်ခိုင်းမလဲ
သံသရာအ၀န်းအ၀ိုင်းထဲ
အမိုးမလုံတဲ့ ဘ၀ကိုပဲ အပြစ်ပုံချရမလား
သေချာတာကတော့
ချစ်ခြင်းရဲ့ ၀င်္ကပါလမ်းမှာ
ရင်တစ်ဖက်ကန်း ကျွန်တော်ကတော့
မြေပုံအညွှန်းပျောက်နေဦးမှာပဲ......။       

                                 ♥ မိုးဇက်ဒီမွန်း ♥


Saturday, June 9, 2012

“အသည်းကွဲကဖီး”


ဟေ့ သူငယ်ချင်း…..
အလွမ်းတွေ အရောင်တောက်နေပြီလား
ဒါဆို…ငါ့ညနေခင်းဆီလာခဲ့
အဲဒီမှာ ကော်ဖီနံ့တသင်းသင်းနဲ့ကဗျာတွေ
အုံလိုက်ကျင်းလိုက်ရှိတယ်
အလွမ်းနဲ့သောက်ချင်သောက်
(အချိုကြိုက်ရင်) သကြားနဲ့သောက်ချင်သောက်
ဒါပေမယ့် နည်းနည်းတော့ခါးမယ်
ခါးကာမှခါး သောက်မယ်ဆိုလည်း
မတားပါဘူး….
အတိတ်ခါးခါးကို သတ်ဖို့
အက်ဆစ်ပါးပါးကို ဓါးသွားမြမြနဲ့
အချိုးမကျမနဖျော်စပ်
ငါ့တစ်ဘ၀လုံး သောက်ခဲ့ဖူးပြီးပြီ
ဟိုမှာတွေ့လား
အခါခါကြွေတဲ့ အသည်းတွေ
မြေကြီးမှာ ကဗျာဖွဲ့နေတာ
အဆိပ်တွေ ခါချနေကြသလိုပဲ….
ဒါကို လူတွေမသဲမကွဲ
ငါ့ကို စွဲချက်တွေနဲ့ ခုတ်ထစ်ကြသေးတယ်
အသည်းခွဲကဗျာဆရာတဲ့
တကယ်တော့ ငါဟာ
အသည်းခွဲခံရတဲ့ အသည်းကွဲကဗျာဆရာ…..
ကဲ…လာပါ
ငါတို့လက်ဆွဲနှုတ်ဆက်ရအောင်
အသည်းကွဲသူချင်း ရောင်းရင်းဖွဲ့
အသည်းခွဲသူတို့ရဲ့ နေ၀င်ချိန်ကို
ကဗျာခါးခါးတွေသောက်ပြီး
စောင့်ကြည့်ကြစို့….။      ။

♥ မိုးဇက်ဒီမွန်း ♥

Wednesday, June 6, 2012

“အလွမ်းရင့်ရင့် နတ်ဆိုးရဲ့ စောင်းကြိုးပြတ်ရစ်သမ်”


ငါ့နာမည် “မိုးဇက်”တဲ့
ကမ္ဘာကျော် ဂီတပညာရှင်မဟုတ်
မိုးကိုဇက်ကြိုးတပ်သူလည်းမဟုတ်
လူတွေထဲက လူ
ကိုယ့်မျက်ရည်နဲ့ကို မိုးမိနေတဲ့သူ...
ငါဟာ “ဒီမွန်း”
ကဖျက်ကယက်တော့မလုပ် အပျက်ပျက်နဲ့သွေးထွက်
ဒဏ်ရာဒဏ်ချက်တွေသိပ်ပေါတဲ့ နတ်ဆိုးပေါ့...
ငါ့အခန်းထဲကြည့်စမ်း
အစိမ်းရင့်ရောင် မျက်နှာကျက်အောက်မှာ
တွန့်ကြေနေတဲ့ အသဲအပိုင်းအစတွေ
အစအဆုံးမရှိတဲ့ ဖွာလန်ကြဲကဗျာတွေ
ပန်းနုရောင်အတိတ်ကို ထုပ်သိမ်းထားတဲ့
ဒိုင်ယာရီနွမ်းနွမ်းတွေနဲ့ လွမ်းငွေ့ငွေ့ရစ်သိုင်း
စိုထိုင်းနေတုန်းပဲ...
ငါရေးခဲ့တဲ့ ကဗျာတစ်ပွင့်က
ဓါးတစ်လက်လို ထက်ရှခဲ့ရင်တော့
ခွင့်လွှတ်...ကောင်မလေး
နင်ပေးတဲ့ဒဏ်ရာတွေ
စာရွက်ပေါ် ကြဲပက်ရုံလေးသက်သက်ပါ
အမုန်းတဲ့လား....စိုးစဉ်းမှမပွင့်ခဲ့ပါဘူးကွာ
ငါဟာ နင့်အတွက်
အချစ်တစ်ခုသာပွင့်တဲ့ “သီးသန့်သစ်ပင်”ပါ
နင့်အပြုံးတစ်ချက်နဲ့တင်
ပန်းတွေ ပင်လုံးညွှတ်နေခဲ့တာပါ
နင်ချိုးဖျက်ခဲ့တဲ့ အကိုင်းအလက်တွေမှာတောင်
ငါ့အချစ်တွေ ပါခဲ့သေးတယ် သွေးစက်လက်နဲ့လေ...
နင်ခုတ်ထစ်တဲ့နေ့ရက်တွေမှာ လည်စင်းရင်း
ငါ့ဘ၀ရစ်သမ်တွေ စောင်းကြိုးပြတ်ခဲ့ရတာပါ....
ငါ  ရှုံးခဲ့ပါတယ်....ငါ  မမုန်းခဲ့ပါဘူး....ကောင်မလေး...
ငါ့ ရင်မှာရွာတဲ့မိုးကို စာရွက်ပေါ်ရွာချရုံလေး
ကဗျာရေးခဲ့တာပါကွာ.....။       ။


♥ မိုးဇက်ဒီမွန်း ♥

“ကြယ်ကြွေလမ်းမှ အလွမ်းကောက်သူ”



 အိပ်မက်ရိုင်းတွေ 
သောင်းသောင်းဖျဖျ ပွင့်ဝေတဲ့ညက
ငါ့မျက်ဝန်းကမ်းပါးမှာ
ကြယ်တွေရေသောက်ဆင်းကြတယ်
အဲဒီညက
ချိုမြမြအဆိပ်တွေဖြာကျတဲ့
ဓါးသွားတပ်နှုတ်ခမ်းပါးတစ်စုံရဲ့ဂီတမှာ
အငြိငြိအယှက်ယှက်နဲ့ခုန်က
တစ်ဘ၀စာ ပြာကျခဲ့တာကိုး.....
အဲဒီညမှာ
တလောကလုံး လင်းဝေမြနေတာပဲ
ဘာလို့ ငါ့တစ်ယောက်တည်း
မှိုင်းညှို့စေတာလဲ
ငါမသိဘဲ ငါကိုယ်တိုင်ကခဲ့တဲ့
ဇာတ်ထုပ်မှာ
ငါမရေးပဲ ငါ့သွေးနဲ့ဖွဲ့တဲ့
တေးတစ်ပုဒ်အတွက်
အဘယ်နတ်ဘုရားထံတိုင်တည်ရမလဲ
ဘယ်ပယောဂမှ မပါ,ပါဘူးလေ
စူးတတ်တဲ့ဆူးကို
စူးမှာသိရက်နဲ့
ခူးခဲ့တဲ့ ငါကပဲရူးတာပါ.....
ထားလိုက်ပါမေ
နင်ခြွေခဲ့တဲ့မြေမှာ (တစ်ဖ၀ါးမရွှေ့)
အလွမ်းနဲ့ငါနေမယ်
နင့်စန်းတွေ ရာသီကုန်မှ
ငါ့ဆီလျှောက်ခဲ့ပါ
အတူတူ အလွမ်းကောက်ထွက်ကြတာပေါ့.....။

♥ မိုးဇက်ဒီမွန်း ♥