Wednesday, March 21, 2012

လက်ညှိုးထိုးတတ်သူများ

လက်ညှိုးထိုးတတ်သူများ


အလွမ်းခြွေအနမ်းတဲ့ ကဗျာလေးတစ်ပုဒ်
ရင်ထဲကထုတ်ပြီး တခုတ်တရလေး
ထုဆစ်မိပါရဲ့….
သြော်…အရှက်တော်ကွဲစရာ
မဟာအမှားကြီးတစ်ခုလေလား
ပြောနေကြတဲ့စကား
သတင်းလိုမပါး အတင်းလိုကြားရပါရဲ့ဗျာ…..
ပတ်ဝန်းကျင်…တဲ့ လူသားတွေမကောင်းလိုက်ပုံများ
တစ်ဆိတ်ကိုတစ်အိတ်လုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဟိတ်ဟန်တွေထုတ်ပြီး
မဲ့ကာရွဲ့ကာ မာယာတွေ အကုန်သုံး
စီကာပတ်ကုံး ပြောကြတယ်ဗျို့…..
သူတို့အချိန်တွေ မတရားကို
တအားပိုနေကြလေသလား
စိတ်ကူးနဲ့လက်တွေ့
ပေါင်းစည်းဖွဲ့သီထားတဲ့ ငါ့ကဗျာကို
ပုံရိပ်တွေဖော်လိုက်ကြတာ
ဒါရိုက်တာတွေတောင် ငိုချင်းချချည်ရဲ့…..
တစ်ခြားသူဆီ လက်ညှိုးထိုး
လက်လေးချောင်း ကိုယ့်ဆီဝင်တိုးသလို
လူဆိုတာ ကိုယ့်မျက်ချေးကိုယ် မမြင်နိုင်ဘူးလေ
ကဲ….ပတ်ဝန်းကျင်ဆိုတာကြီးရေ
အသင်တို့ မျက်နှာသစ်ပြီးပြီလား…..


ကဗျာကို ကဗျာလို့မမြင်
ထင်ချင်ရာ ထင်ကြတဲ့
အနုပညာ Blind နဲ့လူများ
နောင်ခါဆို စာ,ကဗျာကို
နှလုံးသားနဲ့ခံစား  ရသတွေ ပွားကြပါလို့…….။

♥ မိုးဇက်ဒီမွန်း ♥

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။