Wednesday, March 7, 2012

မြို့လေးနဲ့ မြို့သူလေးသို့ လွမ်းချင်း

မြို့လေးနဲ့ မြို့သူလေးသို့ လွမ်းချင်း



ဒီအချိန်ဆို…
နီယွန်ဝတ်ရုံနဲ့
ပင်လယ်နှုတ်ခမ်းပေါ်က မြို့လေး
ဝါရီသန်းဝေနေလောက်ပြီ…
ဒီအချိန်ဆို…
လှိုင်းခတ်သံစည်းချက်က
ထိန်လင်းဝင်းပတဲ့ “လ”သီချင်းကို
တေးကူထောက်နေလောက်ပြီ…
ဒီအချိန်မှာ…
ငါ့ဘ၀အစပြု စိုက်ပျိုးခဲ့တဲ့
မြို့လေးကို ငါလွမ်းနေတယ်…

မြို့ပြရဲ့ ခရမ်းပြာရောင်ညတွေမှာ
တွန့်လိမ်ကြေမွနေတဲ့ အိပ်ရာခင်းပေါ်
မျက်ရည်စတွေ ဖြာလက်လာတိုင်း
မြို့လေးကို ငါလွမ်းတယ်…
အသွားထက်ထက် အပြုံးတွေဆင်ထားတဲ့
ယန္တရားနှလုံးသားနဲ့လူတွေကို
လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း
မြို့လေးက အပြုံးအစစ်နဲ့ ရောင်းရင်းတွေကို
ငါ လွမ်းတယ်……
ရေထိုးအလေးခိုးထားတဲ့
အဆီပေါ အရိုးများတာတွေ စားရတိုင်း
မြို့လေးက ငါးတွေကို ငါလွမ်းတယ်…
ကြပ်သိပ်လှောင်ပိတ်နေတဲ့
ဘတ်စ်ကားကြီးထဲမှာ
ချွေးပြိုက်ပြိုက်ကျတဲ့အခါတိုင်း
မြို့လေးက ဆိုင်ကယ်တွေကို
ငါ လွမ်းတယ်…
ငါ့အသည်းတံခါးသော့ကို
ချယ်လှယ်ပိုင်စိုးထားတဲ့
မြို့သူလေးကိုတော့ ငါ အလွမ်းဆုံးပါပဲ……

♥ မိုးဇက်ဒီမွန်း ♥

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။