Thursday, April 5, 2012

အထီးကျန်ဖတ်စာ

အထီးကျန်ဖတ်စာ
 

ချစ်သူ
ညနေခင်းက
ပအို့ဝ်မလေးရဲ့ပါးပြင်လို
လှချင်တိုင်း လှနေပေမယ့်
ငါ့ရင်ထဲ….နေ၀င်ချိန်
နေကြာတစ်ခင်းရဲ့ ၀မ်းနည်းမှုမျိုးနဲ့
အုံ့ဝေကြေကွဲနေတယ်……
ဒီလိုချိန်ရောက်တိုင်း
စန္ဒရားပျိုတစ်လုံးနဲ့ ဗီသိုဗင်တေးသွားတွေ
တီးခတ်တတ်တဲ့ မင်းကို……သတိရတယ်……
သတိရတိုင်း……
တို့နှစ်ဦးရီသံတွေ စည်ဝေခဲ့ဖူးတဲ့
ကဖေးဆိုင်လေးရဲ့ထောင့်မှာ
ငါ့ကိုယ်ငါ အလွမ်းနဲ့ စိမ်သောက်ပစ်လိုက်တယ်…..
ငါတို့…ခွာ…ဝေး ခဲ့တာ
(၆)လတောင် ပြည့်ပြီလေ…..

 
လက်တွေမြဲခဲ့ဖူးတဲ့ ဒီလမ်းလေးရယ်
အနမ်းတွေဝေခဲ့ဖူးတဲ့ ဒီခုံတန်းလေးရယ်
တွေးမိတိုင်း ငါ့နှုတ်ခမ်းတွေ စိုစွတ်နေသေးရဲ့……
ရွက်ခြောက်တွေ ဝေနေအောင် ပန်ထားတဲ့
ဟောဒီကမ်းနံဘေးက သစ်အိုပင်ကြီးရယ်
ယိုင်နဲ့ဆွေးမြည့်နေတဲ့ ခုံအိုလေးရယ်
ငါနဲ့အတူ နေမင်းရဲ့ဈာပနကို
ညနေတိုင်း စောင့်ကြည့်ခဲ့သေးရဲ့……
နီရဲခဲ့ဖူးတဲ့ ငါ့နှုတ်ခမ်းပေါ်က အမှတ်ကလေးလဲ
ဖြူရော်ဖျော့တော့…..
မင်း တခုတ်တရ ထိုးဖွခဲ့ဖူးတဲ့
ငါ့ရဲ့ အုံ့အုံ့ဆိုင်းဆိုင်းဆံပင်တွေ
ကျွတ်ကျဲပါးလျလို့……
အခါခါ…နှာခေါင်းက
သွေးတွေလျှံကျလာတိုင်း
နာနာကျင်ကျင်သုတ်ပစ်ခဲ့ပေမယ့်
မင်းနဲ့ဝေးကတည်းက ကျခဲ့တဲ့မျက်ရည်တွေ
မသုတ်ရက်ခဲ့ဘူး……
ငါ့ကိုယ်ငါ သော့ခတ်ထားတဲ့ (၆)လလုံးလုံး
ကဗျာ…သွေးနဲ့…မျက်ရည်တွေက
ငါ့အတွက် အကောင်းဆုံးအဖော်ဖြစ်ခဲ့တယ်…….
လွန်ခဲ့တဲ့(၆)လရဲ့ ရက်ရာဇာနေ့
အဲဒီနေ့က….ကမ္ဘာပျက်ခဲ့တယ်
ငါ့အတွက်…ကမ္ဘာပျက်ခဲ့တယ်……
ချစ်သူရေ…အဲဒီနေ့….အဲဒီနေ့က
ငါရောက်ခဲ့ပါတယ်…..
ဘယ်သူမှမတွေ့တဲ့ (အားလုံးကို ငါတွေ့နိုင်တဲ့)
ထောင့်ချိုးတစ်ခုမှာ တစ် စ စီ ကြေ မွ လို့
ငါရှိနေခဲ့တယ်……..
ငါ့လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့
စာရွက်တစ်ရွက်လည်း ရှိနေခဲ့တယ်……
Result of Medical Checkup
-      Leukaemia
-      Due date: max…6 months…
ငါ့အတွက် ကမ္ဘာပျက်ခဲ့ပါတယ်……

“တောက်”…….
သတို့သားမလာတဲ့ စေ့စပ်ပွဲရဲ့အလယ်
ခပ်ပြင်းပြင်းတောက်ခေါက်သံနဲ့
နီရဲရဲမင်းမိဘတွေရဲ့ ဒေါသမျက်နှာ…..
မျက်ရည်စတွေနဲ့ ငုံ့လျှိုးတောင်းပန်နေတဲ့
အမေ့ရဲ့ သောကမျက်နှာ…..
လူကြီးစုံရာရှေ့မှာ ခေါင်းငုံ့…ကြေကွဲ…..
ရှက်ရွံ့နေတဲ့မင်း…..
နာနာကြည်းကြည်း တစ်စစီဆုတ်ဖြဲပစ်လိုက်တဲ့
ငွေမှင်ရောင်ဖိတ်စာလေး
“စေ့စပ်ကြောင်းလမ်းခြင်း”……
ငါ…..တစ် မှုန် စီ ကြေ မွ ခဲ့ ပြန် တယ်………
ခြေသံပြင်းပြင်း နင်းလျှောက်သွားတဲ့
မင်းတို့ရဲ့ ကျောပြင်မှာ
ငါ့ တောင်းပန်ခြင်းတွေ ကပ်ပါသွားတာ
ချစ်သူမင်းတို့သိနိုင်ပါစေ……

ဖောက်ဖောက်…ဖောက်”……..
ငါ့နေ၀င်ချိန်ရဲ့ သွေးစက်ကျသံ
လေပြင်းတစ်ချက်အဝှေ့မှာ
ကြွေခသွားတဲ့ ရော်ဝါရွက်နဲ့အတူ
ဒီနေ့…..ငါ…..ငါ လွှင့်ပါးတော့မယ်…….
ဒီ မြေနီလမ်းလေးရယ်….သစ်ခြောက်ပင်ကြီးရယ်
ခုံအိုတန်းလျားလေးရယ်…..
တိတ်တဆိတ် ကိုင်းညွှတ်လို့
ငါ့အတွက် ဈာပနတေးတစ်ပုဒ် ဆိုနေတယ်….
ပြီးတော့……..
ကဗျာချိုချိုလေးတွေ ရေးဖို့
တစ်ချိန်တုန်းက မင်း ပေးခဲ့ဖူးတဲ့
အနီရောင်စာအုပ်လေး
အခုတော့…..
(၆)လစာ ငါ့အလွမ်းတွေ….
ငါ့အနွမ်းတွေ…..ငါ့အနမ်းတွေ…..ငါ့ရှင်းတမ်းတွေ
သိုမှီးထားတဲ့ အထီးကျန်ဖတ်စာတစ်အုပ်အဖြစ်
ကျန်...ရစ်...ခဲ့...မယ်...လေ……..။

♥ မိုးဇက်ဒီမွန်း ♥

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။