Friday, January 4, 2013

“ငါကိုယ်တိုင်...ငါ့ကိုယ်ငါ.....ဖြေသိမ့်ခြင်း”


အချစ်ဆိုတဲ့.....၀န်ထုပ်ဝန်ုပိုးကြီး

ငါ့ ရင်ဘတ်ပေါ်က လျှောကျသွားချိန်

ငါ..ပေါ့ပါးသွားမယ်ထင်ခဲ့တာ....
.

အမည်ဖော်ရခက်တဲ့ ဝေဒနာတွေ
ထင်တာထက် လေးလံလာလို့

ဒီတစ်ညတော့.....ထမ်းလိုက်ဦးမယ်
.....

မနက်ဖြန်.....မနက်ဖြန်ကျရင်တော့
.......

အိုဇုန်းလွှာအပေါက်အပြဲနဲ့

ဂြိုလ်ပြာကြီး နာမကျန်းတာထက်

ရင်ဘတ်အပေါက်အပြဲနဲ့

ငါ့နှလုံးသား နာမကျန်းတဲ့အရေးအတွက်

အချိန်ဆိုတာကြီးဆီ အပ်နှံရဦးမယ်......

ငါ....ကိုယ်တိုင်ရေးတဲ့ ဇာတ်ထုပ်

ငါ.....ကိုယ်တိုင်မသိမသာကတဲ့ ဇာတ်ရှုပ်

ငါ.....ကိုယ်တိုင်...ငါ့ကိုယ့်င
ါပဲ...အပြစ်တင်လို့......

ခဏလေး....

ငါ့ကိုယ်ငါ ပြန်လည်တည်ဆောက်လိုက်ဦးမယ်....
..

အချိန်တစ်ခုလောက်.........


• မိုးဇက်ဒီမွန်း •

Tuesday, January 1, 2013

“ငါ…ကဗျာရေးပါသည်…”


ငါ….ကဗျာရေးပါသည်….
လွမ်းလွန်လွန်း၍ ကဗျာရေးပါသည်…
စံပယ်တွေ စံပယ်လိုပွင့်
ဒဏ်ရာတွေ ရင်မှာနင့်လို့ ကဗျာရေးပါသည်…
မိုးခြိမ်းလို့ တိမ်ရိုင်းတွေငိုတိုင်း
မိုးတိတ်လို့ သက်တံ့တွေစိုတိုင်း
ဆွံ့ပျံ့နွမ်းလျစွာ ကဗျာရေးပါသည်…
အစာအိမ်ယဉ်ကျေးမှုမှာ
အသပြာကကွက်တွေ ကကြိုးပျောက်
မွတ်သိပ်လောင်မြိုက်မှုအောက်က
ချစ်သူရဲ့ ခြေစုံကန်မှုကြောင့် ကဗျာရေးပါသည်…
အပ်ကြောင်းထပ်ပြီးသား
ခေါက်ရိုးကျိုး ပျော်စရာအရိပ်တွေ
ဟိုး….ခပ်ဆွေးဆွေးအတိတ်တွေ
တစ်ခါတစ်လေ တူးဆွထုတ်ဖော်
ယောင်ဆောင်ပျော်လို့ ကဗျာရေးပါသည်…
သမုဒ္ဒရာအတွင်း ဖြည့်တင်းဖို့
စာရိတ္တတွေ သိက္ခာတွေ
အသိတရားတွေ ပညာတွေ
မာနတွေ ချရောင်းတဲ့ပွဲကို
ဗလာစိတ်နဲ့ တစိမ့်စိမ့်ကြည့်ရင်း
တိတ်တဆိတ်လေးပဲ ကဗျာရေးပါသည်…
အမိုးအကာအပေါက်အပြဲနဲ့
နာမကျန်းတဲ့ ဂြိုလ်ပြာကြီးပေါ်
သွေးသံတရဲရဲ ပြာမွဲမွဲနဲ့
ပေါက်ကွဲနေတဲ့ စစ်တလင်းတွေ
စိမ်းလန်းစွာနဲ့ ငြိမ်းချမ်းဖို့အကြောင်း
တောင်းဆုခြွေလို့ ကဗျာရေးပါသည်...
သုံးရာသီစက်ဝိုင်းမှာ
သစ်ရွက်ကြွေသံကြောင့် … ရွက်သစ်ဝေသံကြောင့်
မိုးထစ်ချုန်းသံကြောင့် … မိုးတိတ်သွားသံကြောင့်
နှင်းပွင့်ဝေသံကြောင့် … နှင်းခက်ပျယ်သံကြောင့်
… … … … … … … … … … … … …. …. ...
ငါ….ကဗျာရေးပါသည်….ငါ…ကဗျာရေးနေပါသည်……

♥ မိုးဇက်ဒီမွန်း ♥

Wednesday, December 26, 2012

“ပြောင်းပြန် အချိုးချခြင်း”


တစ်ခါတစ်လေ
ဘ၀က ဘယ်လိုလှမ်းရမယ်မသိ
ကမ်းမမြင် လမ်းမမြင်နဲ့
ကောင်းကင်မှာဆို
လမ်းပြကြယ်တစ်စင်းတောင် မလင်းဘူး…
သက်ရောက်မှုရဲ့ နိယာမ
တန်ပြန်သက်ရောက်မှုက
အားပြင်းလွန်းတယ်….
ရိုးသားမှုနဲ့ ချုပ်တဲ့အင်္ကျီရယ်
စံပယ်လိုကျင့်တဲ့စိတ်နဲ့
ငါ့..တစ်ဘ၀လုံး လင်းစင်ပြခဲ့တာပဲ
ခြွေမိခဲ့တဲ့ မျက်ရည်တစ်စက်တည်းနဲ့
ငါ့ဘ၀ ဘာလို့ အကြိမ်ကြိမ်
မုန်တိုင်းထန်နေရတာလဲ….
အရှုံးတော့ မပေးချင်ပါဘူး……
အ၀ကျဉ်းပုလင်းတစ်လုံးထဲက
ဝါရွှေရွှေအရည်တွေနဲ့
ရနံ့သင်းသင်း နှစ်ပါးသွားကို
မရဏတေးသွားမြမြနဲ့ (တစ်ခါတစ်လေ)
ကခုန်ကြည့်ဦးမယ်….
ဓါးသွားပေါ်က ခြေလှမ်းတွေ
စိုလက်ချိုမြနေတဲ့ နှုတ်ခမ်း
အဆိပ်သင့်အနမ်းတွေနဲ့
အခမ်းအနားဆုံးရေးဆွဲထားတဲ့
ဂျစ်ပစီလမ်းတွေကို (တစ်ခါတစ်လေ)
လျှောက်လှမ်းကြည့်ဦးမယ်……
…… ……. ………..
တန်ပြန်သက်ရောက်မှုက
လေညှင်းဆန်လေမလား……ဆိုတာ………။

♥ မိုးဇက်ဒီမွန်း ♥

Wednesday, November 28, 2012

ကြယ်ကြွေတမ်းချင်း


ငယ်ဘ၀ ခလေးအိပ်မက်တွေတုန်းက
ကြယ်ကြွေတွေ ဇယ်တောက်တမ်း ကစားချင်လို့
ကြယ်ကြွေရင် လက်ခုပ်လေးဖွင့်
အပြေးအလွှား ခံယူခဲ့ဖူးတယ်
မြေမကျခင် လင်းရိပ်လေးပျောက်ရှလို့
ရင်ကြွေအောင် ရှိုက်ရှိုက်သည်းသည်း ငါ..ငိုခဲ့ဖူးတယ်.....

အချိန်ပန်းပုရဲ့ ထုဆစ်မှုမှာ

ငါ့စိတ်တွေ အရောင်ပြောင်းလို့
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....

ကြယ်ကြွေမစောင့်တော့ပါဘူး
ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......

♥ မိုးဇက်ဒီမွန်း ♥

Tuesday, October 23, 2012

“အရိပ်ကြိုး”

ဟာ....ဘာလဲ....
အတိတ်က အတိတ်လို
အတိတ်မှာပဲ တိတ်တိတ်လေးနေပါ
အရိပ်လိုတကောက်ကောက်
ငါ့နောက် လျှောက်လိုက်မနေပါနဲ့
အမုန်းတွေကို မြေမြှုပ်ခဲ့ပြီးမှ
ဘာလို့အလွမ်းတွေ တိမ်ထူနေရတာလဲ
ရွာရင်လည်း ရွာလိုက်ပေါ့
မိုးနဲ့အတူ ငိုလို့ရတာပဲ
တစ်သက်လုံး ခေါင်းငုံ့ခဲ့ရတာ
တစ်ခါလောက်တော့
ခေါင်းလေးမော့(ငို)လိုက်ချင်သေးတယ်
စိတ်ရှိတိုင်း လွမ်းရမယ်ဆို
ငါ့မျက်နှာပေါ်က အပြုံးကို
ငါ တော်တော်လွမ်းနေတာ
မမြင်ရတာ ကြာလွန်းလို့....
ကဲ...ကဲ....
အတိတ်နဲ့ချုပ်ထားတဲ့
ငါ့အတောင်တွေ ချုပ်ရိုးဖြည်ပေးပါ
ဟိုးးးးးး မှာ တွေ့လား
လွတ်လပ်ခြင်းရဲ့ကောင်းကင်
အဲဒီကို...စိတ်ရှိလက်ရှိ လွင့်ထုတ်မလို့...

♥ မိုးဇက်ဒီမွန်း ♥

အိမ်လွဲ မိုး

အပြင်မှာ.....
တိမ်တွေ ကမ္ဘာပြိုအောင်ငိုနေတယ်
ငါ့ရင်မှာ
ဒဏ်ရာတွေ ပက်ကြားအက်နေတုန်းပဲ....
နွေတစ်ခင်းလုံး ပစ်သွင်းခံရတဲ့
ရင်ဘတ်ကြီး ခြောက်သွေ့အက်ကွဲနေတုန်းပဲ....
မိုးနှောင်းတိမ်တစ်အုပ်ရယ်
ရွာရန် ၉၀ရာနှုန်းနဲ့
ဟောဒီကောင် ရင်ဆီတည့်တည့်
သွန်ချလိုက်စမ်းပါ......
အာ.......
ဟောဒီကောင် ရင်ဆီတည့်တည့်ရွာပါဆို
ဘာလို့ မျက်ဝန်းကမ်းပါးမှာ
မိုးရိပ်တွေ ငြို့စေတာလဲ....
စိုးရိမ်ရေမှတ်ရဲ့
အနားသတ် နှုတ်ခမ်းသားမှာ
ငါ့အသက်ရှူသံတွေ
သဲ့သဲ့လေး ရှိုက်သံပါနေရပြန်ပြီ....တစ်ခါ.............

♥ မိုးဇက်ဒီမွန်း ♥

“လွမ်းစရာမကောင်းတဲ့ အလွမ်းကဗျာ”

ကဗျာမရေးတာကြာပြီ…..
ကဗျာတစ်ပုဒ်လောက်ရေးဖို့
ချောင်ကျကျစားပွဲမှာ စက္ကူငယ်ခင်းလို့
ရင်ခွင်ကို စုံကိုင်ညှစ်ချလိုက်တယ်
မှင်သွားမှာ တဖောက်ဖောက်ကျလာလိုက်တာ
အလွမ်းတွေ…အနွမ်းတွေ…အဆွေးတွေ
အရှုံးတွေ….အမုန်းတွေ…..နှုံးချိနေတာချည်းပဲ….
တောက်…..အပြုံးတွေ ဘယ်ရောက်ကုန်ပြီလဲ…
ငါ့ဘ၀မှာ ပျော်စရာဆိုတာ
မြန်မာပြည်က အကြွေလိုပဲ
ရှားလိုက်တာကွာ…..
ကဲ….တွေးစမ်း….
ပျော်ခဲ့ဖူးတာတွေ ရီခဲ့ဖူးတာတွေ….
ဟော…ပေါ်လာပြီ….ရေး…….
ဟမ်….ပြန်ပျောက်သွားပြန်ပြီ….
ဟူး…..မြန်မာပြည်က ကွန်နက်ရှင်လိုပါပဲလား….
ပျော်စရာရယ်….ဘယ်တော့များမှ
ဖမ်းမိပါ့မလဲ….
နောက်ဆုံးတော့လည်း
နတ်ဆိုးရဲ့ထုံးစံအတိုင်း
လွမ်းရိပ်လေးရစ်သိုင်းပြီးတော့ပဲ
အဆုံးသတ်ရဦးမှာပေါ့………..။

♥ မိုးဇက်ဒီမွန်း ♥

ရွှေဝါရောင်နှင်းဆီ

ဟေ့....သိင်္ဂီ
ငါ့ရှေ့မှာ စံပယ်ယောင်ဆောင်မနေပါနဲ့တော့
နင့်အပြုံးမှာ နှင်းဆီနံ့တွေ
စူးပွင့်နေတာကြာပြီ
ဒီမှာတွေ့လား....
ဆူးခက်ကြောင့် သွေးထွက်နေတဲ့
ဒဏ်ချက်တွေ ရင်တစ်ခုလုံးလွှမ်းလို့....
နင်ပဲ
ချစ်တတ်လွမ်းတတ်အောင် သင်ခဲ့တာ
ခု...နင်ကပဲ
မုန်းတတ်ဆွေးတတ်အောင် သင်ပြန်ပြီ....
သိင်္ဂီ....ငါ...ငိုတတ်ပြီ သိင်္ဂီ
အဆိပ်တက်နေတဲ့ စိတ်နဲ့
ရွှေဝါရောင်နှင်းဆီကို
ချစ်လို့...မုန်းလို့....နာလို့
ငါ...ငိုတတ်ပြီ သိင်္ဂီ.....

♥မိုးဇက်ဒီမွန်း♥

Friday, September 7, 2012

စိမ်းရောင်ခြယ်လမ်းမှာပွင့်မဲ့ ပန်းနုရောင်အနမ်း



ငါ့အတွက်ဆို အမုန်းတွေ
တယုတယပျိုးထောင်ထားတဲ့
အစိမ်းရင့်ရောင်နတ်သမီးလေး
ဟောဒီကောင်ရှေ့ရောက်ရင်
နင့်မျက်ဝန်းတွေမှာတောင်
စိမ်းငွေ့တဝေေ၀နဲ့…
ငါ့ဘက်က မြတ်နိုးခြင်းတရား
လက်ကိုင်ထားပေမယ့်
ရောင်ပြန်ဟပ်တဲ့ အမုန်းက
ဓါးတစ်စင်းလို တတိတိခုတ်ထစ်လို့
ငါထုဆစ်ချင်တဲ့ ချစ်ခြင်းနဲ့ဘဝ
တစစ မျှော်လင့်ခြင်းပါးလျလာပြီ…
ငါတို့ဆုံတွေ့ခြင်းက
နင့်အတွက် ခလုတ်တိုက်မိယုံတဲ့လား
ငါ့အတွက်တော့ ရင်တစ်ခြမ်းလုံးပဲ့သွားရတာပါ…
နင် ရွာချခဲ့တာက အမုန်းတွေပါပဲ
ငါ့ရင်မှာက သုံးရာသီအလွမ်းတွေ
ပန်းလို ပွင့်ခဲ့တာပါ
စိမ်းသူရေ…
နင့်ဖက်က ကောင်းကင်ဆန်မှတော့
ငါလည်း မြေကြီးလိုကျင့်ကြံရမှာပေါ့
မုန်းခြင်းရဲ့အဆုံးက ချစ်ခြင်းဆီရောက်ဖို့
ငါ့ရင်ငွေ့နဲ့ဖွဲ့တဲ့ တိမ်တိုက်တွေ
မျှော်လင့်ခြင်းအသစ်တွေစီးလို့
ဟိုးမှာ…လွှင့်လာနေပြီ
စိမ်းရောင်ခြယ်လမ်းမှာ
ပန်းနုရောင်အနမ်းတွေ
အခမ်းအနားဆုံး ပွင့်စေဖို့ပေါ့……။      

♥ မိုးဇက်ဒီမွန်း ♥

Saturday, September 1, 2012

သက်တံ့ရောင် အိပ်မက်စိုက်ခင်း



ငါ့ရဲ့*နမ်မီးဆစ်လေး

ဝံပုလွေတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့

နံရံတွေကိုကုတ်ခြစ်

သွေးစိမ်းရှင်ရှင်ထွက်မှ

ငါ့ရင်ခွင်မှန်းသိသတဲ့လား

ဘယ်ဘ၀ ဘယ်အငြိုးနဲ့များ

ရင်ကိုခွဲအသဲကိုခြစ် 

ငါ့အလွမ်းတွေ အရောင်ရင့်စေတာလဲ

နင့်မျက်နှာအရောင်လှဖို့

ငါ့ချွေးတွေမြေကျခဲ့တာပဲ

ဘာလို့အမုန်းတွေမိုးလိုရွာချရတာလဲ

နင့်အနားမှာခစားဖို့ရန်သက်သက်

မာနတွေအရည်ဖျော်ပစ်ထားတာ

ဒါကိုသွန်ချပစ်လိုက်တယ်

ငါ့ရဲ့ သိက္ခာက

နင့်ရဲ့ ညစာဟင်းရံတစ်ခွက်လား

အိန်ဂျယ်တို့ရဲ့ အတင်းဝိုင်းမှာ

ဟားတိုက်စရာအပေါစားပြက်လုံးတစ်ခုလား

နင်ပြုံးရင် ငါပျော်ပါတယ် နတ်သမီးလေး

ဒဏ်ရာကဒဏ်ရာဆန်ဆန်

မနာတတ်လွန်းလို့

ဘယ်ဘက်ရင်ကျွန်းမှာ

အိပ်မက်တွေစိုက်ပျိုးတုန်းပါပဲ

ချစ်ခြင်းဖွဲ့သက်တံ့တွေ

အရောင်တောက်မယ်အထင်နဲ့ပေါ့……။

                             ♥မိုးဇက်ဒီမွန်း ♥

*နမ်မီးဆစ် = ကလဲ့စားချေတတ်သောနတ်သမီး