Monday, January 23, 2012

အနီးကြည့်မျက်မှန်

“အနီးကြည့်မျက်မှန်” 




ခရမ်းပြာရောင် အိပ်မက်တွေနဲ့
စိတ်ကူးယဉ်ညတွေတုန်းက
အဝေးကလမင်းကို တမ်းတမဆုံး
အနီးကပ်ဆုံး စံပယ်တစ်ကုံးကို
ငါ....မေ့နေခဲ့တယ်......
လမင်းလေ....
ရောင်ဝါတွေ ဖြာလက်လို့ အလင်းတွေရွာချ
ငါ့အိပ်မက်အတွက် မျှော်လင့်ခြင်းတံတားခင်းပေးခဲ့တယ်
ပျော်ရွှင်ကြည်နူးလို့ ကျေနပ်နေရင်း
စံပယ်ရနံ့လေး ရင်ထောင့်ထဲ
တိတ်တိတ်လေး ချိတ်တွယ်နေတာ
ငါ....မသိခဲ့ဘူး......
ခုနစ်ရောင်ခြယ်စွမ်းအားနဲ့
အဖြူရောင်တံတိုင်းကြီးခြား
သူငယ်ချင်းလို့ အမည်တပ်ပြီး
ငါ....အနီးမှုန်နေခဲ့ပေါ့.....
ကံကြမ္မာဝှက်ဖဲတစ်ချပ်က
စံပယ်ကုံးလေးကို ငါ့ရဲ့အဝေးပို့မလို့တဲ့.....
ငါ့ကမ္ဘာကြီး ဆိတ်သုဉ်းသွားသလိုပဲ
ငါ့ညတွေ အမှောင်ဖုံးသွားသလိုပဲ
လအလင်းမရှိလည်း ငါနေနိုင်တယ်
စံပယ်တစ်ခင်းမရှိပဲ ငါမနေနိုင်ဘူး......
လွမ်းမောတသ ဒွိဟစိတ်နဲ့
အိပ်မရတဲ့ညတွေမှာ
တိတ်တဆိတ်ဖွဲ့တည်နေတဲ့
ချစ်ခြင်းဖွဲ့သီတေးတွေ
တိတ်တိတ်လေး ငါဆိုတတ်နေပြီ.....
ရင်နှင့်ရင်း၍ရေးတဲ့ကဗျာနှစ်ပုဒ်ထုဆစ်
စံပယ်တစ်ကုံးအတွက်
လမင်းကိုကျောခိုင်းလိုက်ပြီ
လမင်းရေ....တိမ်ညိုတွေအုံ့မိုးလို့
ငါ့အပေါ် အမုန်းမိုးတွေရွာပါလေ.....
ငါ့မနက်ခင်းတွေမှာ
စံပယ်ရနံ့သင်းသင်းကိုပန်လို့
သက်ဆုံးတိုင်လျှောက်လှမ်းတော့မယ်.....
အခုဆိုလေ.....ငါ့နှလုံးသားမှာ
“အနီးကြည့်မျက်မှန်လေး” တပ်ထားလိုက်ပြီ..........။

မိုးဇက်ဒီမွန်း

Monday, January 2, 2012

အဆိပ်သင့်....အိပ်မက်မှတ်တမ်း

အဆိပ်သင့်...အိပ်မက်မှတ်တမ်း

မိုးသောက်ယံ.....

အိပ်မက်က လန့်နိုးလာတဲ့ ငါ့မျက်ဝန်းမှာ
မျက်ရည်စတွေ ဝေ့သီတွဲခိုနေတုန်း
ရင်ဘတ်တစ်ခုလုံးလည်း တင်းကျပ်လစ်ဟာနေတယ်
ဘယ်ဘက်ရင်ဘတ်ကို စမ်းရင်း
ငါ့စိတ်ငါ ဆန်းစစ်….
အံ့သြစွာ တုန်လှုပ်မိတယ်
မဖြစ်သင့်….အဆိပ်သင့်သော အိပ်မက်ပါပဲ
ဘုရားသခင်……
စိတ်သဏ္ဍာန်ထင်ဟပ်ခြင်း မဟုတ်ဘဲ
သွေးလေခြောက်ခြား၍ မက်သော
အိပ်မက်သာဖြစ်ပါစေ……။

အင်း…အိပ်မက်ထဲမှာဗျာ……
လမ်းလျှောက်နေတယ်….
လပြည့်ညရဲ့ ညချမ်းမှာ
သူငယ်ချင်းလို့ စိတ်ထဲမှာ စွဲထင်မှတ်ယူထားတဲ့သူ…
သူနဲ့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်တွဲဆက်လို့
လမ်းမပေါ်မှာ လမ်းလျှောက်နေတယ်……


 ညအမှောင်ထဲ
ထူးခြားစွာ လင်းပ၀င်းမြနေတဲ့ လိပ်ပြာလေးတွေ
ကောင်းကင်တစ်ခွင်မှာ ပျံဝဲလို့
လိပ်ပြာတောင်ပံခတ်သံမှာ ကြည်နူးပျော်ဝင်ရင်း
ငါတို့လက်တွေ ပိုမိုမြဲမြံလာရဲ့……
ကြယ်တွေကိုရေရင်း မျက်ဝန်းတွေကတစ်ဆင့်
ရင်ဘတ်ခြင်း စကားတွေပြောနေခဲ့တယ်……
အဲဒီလို လျှောက်နေခဲ့ရင်း……
လမ်းတစ်ခုရဲ့ ထောင့်ချိုးမှာ
ရုတ်တရက် သူ……ရပ်လိုက်တယ်
ငါ့ဘက်ကို ငဲ့စောင်းကြည့်တဲ့ သူ့မျက်ဝန်းမှာ…..တစ်စုံတစ်ခု….
တိုးလျပြင်းရှစွာ ပြောနေသလို
တစ်စုံတစ်ခုကို ငါတွေ့လိုက်တယ်……
ဟင့်အင်း……
မဖြစ်ဘူး……မဖြစ်သင့်ဘူး…..
ငါတို့အတွက် ခက်ခဲလွန်းတယ်……
ရင်တစ်ခုလုံး ပြည့်ကျပ်လစ်ဟာသွားသလို
စိတ်တစ်ခုလုံး နောက်ကျိထွေရီသွားခဲ့
ဆုံးဖြတ်ချက်တစ်ခု သက်ပြင်းနဲ့အတူ ရောချ
ငါ……ခေါင်းငုံ့ရင်း အံကြိတ်ခေါင်းခါတော့
သူ့မျက်ဝန်းဆီမှာ မကြာခင်လေးက တောက်လက်နေတဲ့
အရောင်တွေ မှုန်ရီညှို့မှိုင်းသွားတယ်
ဒါပေမယ့်……ငါ့ရဲ့လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လို့
အရှေ့ဆီကိုပဲ ဆက်လျှောက်လာခဲ့တယ်……
အိမ်တစ်လုံးရဲ့ တံစက်မြိတ်အစွန်းအောက်မှာ ရပ်နေတဲ့
လူတစ်ယောက်ဆီ ငါတို့ရောက်တော့
အဲဒီလူရဲ့လက်ထဲ ငါ့သူငယ်ချင်းရဲ့လက်ကို
ပြောင်းထည့်ပေးလိုက်တယ်……
ဆို့နစ်ကွဲကြေအပြုံးနဲ့ ခေါင်းငုံ့ရပ်ကျန်ခဲ့တဲ့ငါ့ကို
သူတို့နှစ်ယောက် နှုတ်ဆက်ထွက်ခွာသွား……
အဲဒီအိမ်လေးရဲ့ ရေကပြင်မှာပဲ ငါ…
ဝမ်းလျားထိုးမှောက်အိပ်မိတဲ့အခါ
ဘယ်တုန်းကတည်းက ညိုနေမှန်းမသိတဲ့ မိုး(မျက်ရည်)တွေ
ကြမ်းပြင်ပေါ် တပေါက်ပေါက် လွင့်ကျလိမ့်ဆင်းလာတယ်
ငါ……ငါ  ငိုနေမိပါပေါ့လား……
သည်းထန်စွာ ငိုနေမိပါလား……။



ဒီလိုနဲ့……
ညှိုးငယ်ထစ်ချုန်းစွာ နိုးထလာရတဲ့ငါ
ခြင်ထောင်အမိုးကို မြင်တော့မှ
သက်ပြင်းအခါခါ ကြိတ်ချရင်း
ခေါင်းအုံးပေါ်က မျက်ရည်ကွက်ကို
ဆွံ့အ ငေးမောနေမိတယ်……
ဘုရားသခင်……
စိတ်သဏ္ဍာန် ထင်ဟပ်ခြင်းမဟုတ်ဘဲ
သွေးလေခြောက်ခြား၍ မက်သော
အိပ်မက်သာဖြစ်ပါစေ……။                                  

မိုးဇက်ဒီမွန်း