Friday, September 7, 2012

စိမ်းရောင်ခြယ်လမ်းမှာပွင့်မဲ့ ပန်းနုရောင်အနမ်း



ငါ့အတွက်ဆို အမုန်းတွေ
တယုတယပျိုးထောင်ထားတဲ့
အစိမ်းရင့်ရောင်နတ်သမီးလေး
ဟောဒီကောင်ရှေ့ရောက်ရင်
နင့်မျက်ဝန်းတွေမှာတောင်
စိမ်းငွေ့တဝေေ၀နဲ့…
ငါ့ဘက်က မြတ်နိုးခြင်းတရား
လက်ကိုင်ထားပေမယ့်
ရောင်ပြန်ဟပ်တဲ့ အမုန်းက
ဓါးတစ်စင်းလို တတိတိခုတ်ထစ်လို့
ငါထုဆစ်ချင်တဲ့ ချစ်ခြင်းနဲ့ဘဝ
တစစ မျှော်လင့်ခြင်းပါးလျလာပြီ…
ငါတို့ဆုံတွေ့ခြင်းက
နင့်အတွက် ခလုတ်တိုက်မိယုံတဲ့လား
ငါ့အတွက်တော့ ရင်တစ်ခြမ်းလုံးပဲ့သွားရတာပါ…
နင် ရွာချခဲ့တာက အမုန်းတွေပါပဲ
ငါ့ရင်မှာက သုံးရာသီအလွမ်းတွေ
ပန်းလို ပွင့်ခဲ့တာပါ
စိမ်းသူရေ…
နင့်ဖက်က ကောင်းကင်ဆန်မှတော့
ငါလည်း မြေကြီးလိုကျင့်ကြံရမှာပေါ့
မုန်းခြင်းရဲ့အဆုံးက ချစ်ခြင်းဆီရောက်ဖို့
ငါ့ရင်ငွေ့နဲ့ဖွဲ့တဲ့ တိမ်တိုက်တွေ
မျှော်လင့်ခြင်းအသစ်တွေစီးလို့
ဟိုးမှာ…လွှင့်လာနေပြီ
စိမ်းရောင်ခြယ်လမ်းမှာ
ပန်းနုရောင်အနမ်းတွေ
အခမ်းအနားဆုံး ပွင့်စေဖို့ပေါ့……။      

♥ မိုးဇက်ဒီမွန်း ♥

Saturday, September 1, 2012

သက်တံ့ရောင် အိပ်မက်စိုက်ခင်း



ငါ့ရဲ့*နမ်မီးဆစ်လေး

ဝံပုလွေတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့

နံရံတွေကိုကုတ်ခြစ်

သွေးစိမ်းရှင်ရှင်ထွက်မှ

ငါ့ရင်ခွင်မှန်းသိသတဲ့လား

ဘယ်ဘ၀ ဘယ်အငြိုးနဲ့များ

ရင်ကိုခွဲအသဲကိုခြစ် 

ငါ့အလွမ်းတွေ အရောင်ရင့်စေတာလဲ

နင့်မျက်နှာအရောင်လှဖို့

ငါ့ချွေးတွေမြေကျခဲ့တာပဲ

ဘာလို့အမုန်းတွေမိုးလိုရွာချရတာလဲ

နင့်အနားမှာခစားဖို့ရန်သက်သက်

မာနတွေအရည်ဖျော်ပစ်ထားတာ

ဒါကိုသွန်ချပစ်လိုက်တယ်

ငါ့ရဲ့ သိက္ခာက

နင့်ရဲ့ ညစာဟင်းရံတစ်ခွက်လား

အိန်ဂျယ်တို့ရဲ့ အတင်းဝိုင်းမှာ

ဟားတိုက်စရာအပေါစားပြက်လုံးတစ်ခုလား

နင်ပြုံးရင် ငါပျော်ပါတယ် နတ်သမီးလေး

ဒဏ်ရာကဒဏ်ရာဆန်ဆန်

မနာတတ်လွန်းလို့

ဘယ်ဘက်ရင်ကျွန်းမှာ

အိပ်မက်တွေစိုက်ပျိုးတုန်းပါပဲ

ချစ်ခြင်းဖွဲ့သက်တံ့တွေ

အရောင်တောက်မယ်အထင်နဲ့ပေါ့……။

                             ♥မိုးဇက်ဒီမွန်း ♥

*နမ်မီးဆစ် = ကလဲ့စားချေတတ်သောနတ်သမီး