Wednesday, December 26, 2012

“ပြောင်းပြန် အချိုးချခြင်း”


တစ်ခါတစ်လေ
ဘ၀က ဘယ်လိုလှမ်းရမယ်မသိ
ကမ်းမမြင် လမ်းမမြင်နဲ့
ကောင်းကင်မှာဆို
လမ်းပြကြယ်တစ်စင်းတောင် မလင်းဘူး…
သက်ရောက်မှုရဲ့ နိယာမ
တန်ပြန်သက်ရောက်မှုက
အားပြင်းလွန်းတယ်….
ရိုးသားမှုနဲ့ ချုပ်တဲ့အင်္ကျီရယ်
စံပယ်လိုကျင့်တဲ့စိတ်နဲ့
ငါ့..တစ်ဘ၀လုံး လင်းစင်ပြခဲ့တာပဲ
ခြွေမိခဲ့တဲ့ မျက်ရည်တစ်စက်တည်းနဲ့
ငါ့ဘ၀ ဘာလို့ အကြိမ်ကြိမ်
မုန်တိုင်းထန်နေရတာလဲ….
အရှုံးတော့ မပေးချင်ပါဘူး……
အ၀ကျဉ်းပုလင်းတစ်လုံးထဲက
ဝါရွှေရွှေအရည်တွေနဲ့
ရနံ့သင်းသင်း နှစ်ပါးသွားကို
မရဏတေးသွားမြမြနဲ့ (တစ်ခါတစ်လေ)
ကခုန်ကြည့်ဦးမယ်….
ဓါးသွားပေါ်က ခြေလှမ်းတွေ
စိုလက်ချိုမြနေတဲ့ နှုတ်ခမ်း
အဆိပ်သင့်အနမ်းတွေနဲ့
အခမ်းအနားဆုံးရေးဆွဲထားတဲ့
ဂျစ်ပစီလမ်းတွေကို (တစ်ခါတစ်လေ)
လျှောက်လှမ်းကြည့်ဦးမယ်……
…… ……. ………..
တန်ပြန်သက်ရောက်မှုက
လေညှင်းဆန်လေမလား……ဆိုတာ………။

♥ မိုးဇက်ဒီမွန်း ♥