Friday, May 4, 2012

စွယ်တော်ရွက်သီချင်း

စွယ်တော်ရွက်သီချင်း


 
ကြယ်တွေအရောင်စုံတဲ့ညက
ချစ်သူပါးပြင်မှာ လမင်းလေးသာခဲ့တယ်
ရှရှလေးဖွဲ့သီတဲ့ မျက်ဝန်းဂီတမှာ
ဘယ်ဘက်ရင်အုံနားက စည်းချက်နဲ့ကတယ်
နှုတ်ခမ်းပါးလေး တွန့်အကွေးမှာ
ယိမ်းနွဲ့ပါးဓါးနဲ့ ပိုင်းသလို
အသဲနဲ့နှလုံး ဘိုင်းကနဲကြွေလဲတယ်
ကျောတစ်ခင်းစာ မဟူရာမြစ်တစ်စင်းမှာ
အငြိငြိ အယှက်ယှက်နဲ့
ဇီဝိန်ကြွေ ဘယ်နှစ်ခါ သေရဦးမလဲဟင်….
တော်ရုံသာ ပြုစားပါ အမိရယ်
တစ်ဘ၀လုံးစာ ငါ့ကမ္ဘာမှာ
မင်းဟာ ထိပ်ထားပါကွာ
ယုံကြည်မှုနဲ့ဆောက်တဲ့အိမ်မှာ နေပါ
စွန်ကြိုးလိုစေပါ
နူးညံ့တဲ့အမိန့်တော်အတိုင်း
ကြိုးဆွဲရာနေမယ့် ငါဟာ မင်းရဲ့လေတံခွန်ပါ…
ရာသီတွေရိုင်းလာရင်
မင်းရဲ့…ရင်ခွင်တံတိုင်းနဲ့ကာမိုးပါ
လေပြေတွေကြမ်းလာရင် ပရမ်းပတာမဖြစ်အောင်
စွန်ကြိုးလေးလျှော့တင်းပါ
ကွာဝေးမှုတွေ စုတ်ပြဲကုန်ချိန်ထိ
မလွှတ်တမ်းကိုင်ဆုပ်လို့
ပေါင်းစည်းခြင်းကမ္ဘာမှာ
ပေါင်းစည်းခြင်းကဗျာတွေ
အတူတူသီးပွင့်ကြရအောင်ဟာ…..။        ။

♥ မိုးဇက်ဒီမွန်း ♥

1 comment:

  1. ဟုတ်တာပေါ့ ကြယ်တွေအရောင်စုံရင်တော့ဖြင့်
    ချစ်ရသူပါးပြင် လမင်းသာတဲ့အတိုင်းပါပဲ
    စကားမစပ်---အိမ်သစ်လေးနော် လှတယ်

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။